ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၂၊၂၀၂၃
ပင်လောင်းမြို့နယ်တောင်ပိုင်း တောင်မဲသင်းကျေးရွာတွင် အောက်တိုဘာ ၆ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က အင်အား ၄၀၀ ဝန်းကျင်ဖြင့် လာရောက်တပ်စွဲနေထိုင်ခဲ့ကြောင်း ‌စုံစမ်းသိရှိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တောင်ပိုင်း တောင်မဲသင်းကျေးရွာတွင် စစ်ကောင်စီတပ်သားများက လာရောက်တပ်စွဲနေထိုင်သဖြင့် ဒေသခံပြည်သူများ စိတ်ရောကိုယ်ပါလုံခြုံမှုမရှိသလိုခံစားရပြီး ထိတ်လန့်နေကြရသည် ဟု ဒေသခံတစ်ဦး‌ ပြောပြချက်အရ သိရသည်။
တောင်မဲသင်းဒေသခံများသည် ဇူလှိုင်လလယ်ကတည်းက စစ်ရှောင်ရာကနေ နေရပ်ပြန်လာကြပြီး အောက်တိုဘာ ၆ ရက်နေ့တွင် စစ်ကောင်စီတပ်ကအင်အား ၄၀၀ ဝန်းကျင်ဖြင့် လာရောက်တပ်စွဲနေထိုင်ခဲ့ကြောင်း သိရသည်။
“သူတို့လာနေတော့ လုံခြုံမှုမရှိဘူး။စိတ်ပိုင်းရောကိုယ်ပိုင်းရော ကြောက်ရတယ်ပေါ့နော်။ ရွာမှာမဟုတ်ဘဲ တစ်ခြားနေရာမှာနေရင်တော့ တစ်မျိုးလေနော်။ ကျွန်မတို့ကတော့ သတိနဲ့နေရဒါပေါ့ပစ္စည်းတွေ ဘာတွေက အမျိုးရှိတဲ့ရွာတွေမှာ ပို့ထားလိုက်ပြီ။ ဒီနားက အချိန်မရွှေးဖြစ်နိုင်တယ်။ နယ်စပ်ဆိုတော့လေ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါင်းကို ပြောသည်။
စစ်ကောင်စီတပ် လာရောက်စခန်းချနေထိုင်မှုကြောင့် ဒေသခံများ လုပ်ငန်းခွင်သွားရောက်လုပ်ကိုင်ခြင်း၊ ဘုန်းကြီးကျောင်းသွားလာခြင်းများတွင် လုံခြုံရေးစိုးရိမ်ရကြောင်း ပြောဆိုသည်။
“ဘုန်းကြီးကျောင်းမှာလည်း နေတယ်။ သူတို့လာနေပြီးနောက်ပိုင်း ဘုန်းကြီးကျောင်းတစ်ခါမှ မရောက်တော့ဘူး။ သူတို့က ရွာထဲမှာ‌နေတော့ စိုးရိမ်ရတာပေါ့”ဟု ဒေသခံတစ်ဦးက ပြောသည်။
တောင်မဲသင်းကျေးရွာတွင် အိမ်ခြေ ၃၀၀ ဝန်းကျင်ခန့်ရှိပြီး မတ်လက ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ဘုန်းကြီးကျောင်း နှင့် နေအိမ်များပျက်စီးခဲ့ရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *