ခမ်းသားငေါဝ်း
အောက်တိုဘာ ၉၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း တီကျစ်ဒေသရှိ ကျေးရွာတချို့တွင် အဆိပ်ရှိသည့်ငါးမျိုးပေါ်ပေါက်ပြီး လူကိုအန္တရာယ်ပြုမည်ကို ဒေသခံ များကစိုးရိမ်နေကြသည်။
ထိုအဆိပ်ရှိငါးသည်လူကိုကိုက်မိပါက အဆိပ်တက်ခြင်းရှိနေကြောင်းဒေသခံများထံမှသိရသည်။
“ကျွန်တော်တို့ရွာ ငါးကိုက်ခံရတာကနှစ်ယောက်ရှိပြီ လယ်စိုက်ချိန်တုန်းကပါ။ အမျိုးသားတစ်ယောက်အမျိုးသမီးတစ်ယောက်။ အဆိပ်တက်ပြီဆိုနေလို့မရတော့ဘူး ဆေးတန်းထိုးရတာလို့ပြောတယ်”ဟု တီကျစ်ဒေသ သာယာကုန်းရွာခံတစ်ဦးကပြောသည်။
ထိုငါးသည်အကောင်ကြီးငါးမဟုတ်ဘဲ သာမာန်ငါးဟုထင်ရသော်လည်း ကလေးနှင့်လူကြီးများ ငါးဖမ်းမိလျှင် အန္တရာယ်ရှိနိုင်ကြောင်း၊ စိုးရိမ်ဖွယ်ရှိကြောင်း ၎င်းကဆက်ပြောသည်။
ယင်းအဆိပ်ရှိငါးမျိုးသည် တီကျစ်ဒေသတွင် ယခင်၌မရှိခဲ့ဘူးသော်လည်း ယခုနှစ်မှတွေ့မြင်နေရကြောင်းသိရသည်။
တီကျစ်ရှိကျောက်မီးသွေးစက်ရုံမှထွက်လာသည့် အငွေ့များနှင့် အညစ်အကြေး ရေပုပ်စော်နံများမှဖြစ်သည့်ဆိုးကျိုးကိုခံစားနေရခြင်းအပြင် သာမာန်တိရိစ္ဆာန်မှာပါ အဆိပ်အတောက်ရှိနေသည်ကိုပိုမို၍ ဘေးမကင်းကြောင်း တီကျစ်မြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။
ငါး အဆိပ်ရှိနေသည်ကို ကျောက်မီးသွေးစက်ရုံမှထွက်သည့် အဆိပ်အတောက်များမှတစ်ဆင့် နောက်ဆက်တွဲဆိုးကျိုးများကြောင့်သာ ဖြစ်သည်ဟုလည်း ဒေသခံများကယူဆကြသည်။
ပုံစာ -တီကျစ်ဒေသရွာ

Leave a Reply

Your email address will not be published. Required fields are marked *