ခမ်းသားငေါဝ်း
အောက်တိုဘာ ၇၊၂၀၂၃
ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာနှင့် အရှေ့ဘက်ခြမ်းရှိ ကျေးရွာ(၂)ရွာကို စစ်ကောင်စီက (၃)ရက်ဆက်တိုက် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ရင်းအမှတ်(၁) KNDF-BO1၏ ထုတ်ပြန်ချက်အရ သိရသည်။
ကယား(ကရင်နီ)ပြည် ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က အောက်တိုဘာလ(၄)ရက်နေ့နှင့် (၅)ရက်နေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာလ(၆)ရက်နေ့တွင်လည်း ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာ(၂)ရွာကို လက်နက်ကြီးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ဖရူဆိုအနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာအအား စစ်ကောင်စီ၏ အမှတ်(၁၄)တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းမှ အောက်တိုဘာ(၄)ရက်နေ့ ည(၁၁)နာရီအချိန်တွင် တာဝေးပစ် (၁၂၀)မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ရွာတွင်းသို့ (၅)လုံးကျရောက်ပြီး နေအိမ်(၂)လုံးပျက်စီးခဲ့ကြောင်း ဆိုသည်။
အောက်တိုဘာ(၅)ရက်နေ့ ညနေ(၅)နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်က ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်သောကြောင့် အသက်(၅၀)အရွယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦး ဦးခေါင်းနှင့် ကျောကုန်းတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး နွားတစ်ကောင်လည်းသေဆုံးခဲ့ကြောင်း၊ ည(၁၀)နာရီကျော်အချိန်တွင်လည်း လက်နက်ကြီး (၁၀)လုံးခန့် ကျေးရွာဘက်သို့ဦးတည်ပြီး ထပ်မံပစ်ခတ်ခဲ့ကြောင်း ဆိုထားပါသည်။
အလားတူ အောက်တိုဘာ(၆)ရက်နေ့ ညပိုင်းတွင် ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာ(၂)ရွာကို တိုက်ပွဲများဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီ၏ အမှတ်(၁၄)တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းမှ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရသည်။
တာဝေးပစ်လက်နက်ကြီး (၁၂၀)မမ (၁၅)လုံးကျော်ပစ်ခတ်သဖြင့် ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာ(၂)ရွာမှ ပြည်သူလူထုများထိခိုက်မှုမရှိခဲ့သော်လည်း နေအိမ်(၅)လုံးထိခိုက်ပျက်စီးပြီး၊ နွား(၂)ကောင်သေဆုံး၊ ကျွဲ(၃)ကောင်နှင့် နွား(၁)ကောင်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ KNDF-BO1 ကိုဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့က အဲဖက်မြေပြင်မှာ တာဝန်ယူထားတဲ့နေရာ မဟုတ်တဲ့အတွက် အသေးစိတ်တော့မသိရဘူးဗျ။ ” ဟု ပြောဆိုသည်။
နောက်ဆက်တွဲဖြစ်ရပ်များကို အတည်ပြုနိုင်ရန် KNDF တပ်ရင်း(၄)ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။
စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အဆိုပါကျေးရွာများသည့် တိုက်ပွဲများဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က တစ်ဖက်သတ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း KNDF-BO1 ကထုတ်ပြန်ထားပါသည်။
ပုံ- KNDF-BO1

Leave a Reply

Your email address will not be published. Required fields are marked *