ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၀၊၂၀၂၃
စံကားဒေသတွင် ရေအဆမတန်တက်လာသဖြင့် ချောင်းဘေးရှိပြောင်းဖူးခြံများ ရေမြုပ်သွားမည်ကိုစိုးရိမ်၍ အချိန်မတန်ပဲ ချိုး‌နေရကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ညောင်ရွှေမြို့နယ်၊ အင်းလေးစံကားဒေသတွင် ယခုနှစ်အတွင်း ရေအဆမတန်မြင့်တက်လာပြီး ဘီလူးချောင်းဘေးတစ်လျှောက်ရှိ စိုက်ပျိုးထားသည့် ပြောင်းစိုက်ခင်းများ ရေမြုပ်သွားမည်ကို စိုးရိမ်ရ၍ ပြောင်းဖူးများကို အ‌စေ့မရင့်သေးဘဲ ချိုးနေရကြောင်း သိရသည်။
“ဒီဘီလူးချောင်းဘေးမှာ စိုက်ထားတဲ့ ပြောင်းခြံတော်တော်များများတော့ ချိုးနေကြပြီ။ မချိုးလည်းမရတော့ဘူး၊ ပြောင်းဖူးတွေက အကုန်မရင့်ကြသေးပေမဲ့ ပြောင်းပင်တွေက‌ ရေနှစ်ခါနီးနေပြီ”ဟု ပြောင်းစိုက်တောင်သူတစ်ဦး ကပြောသည်။
ရေအဆမတန်မြင့်တက်လာသောကြောင့် ရေအနည်းငယ်တိမ်သည့်အပိုင်းတွင် ရေထဲဆင်းပြီးပြောင်းဖူးချိုးကြသကဲ့သို့ ရေနှစ်သည့်အပိုင်းများတွင် လှေနှင့်လှော်ပြီးချိုးနေကြရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ရေထဲဝင်ပြီးချိုးနေရတော့ အရမ်းပင်ပန်းတယ်။ ရေထဲမာရှိတဲ့ ပုရွက်ဆိတ်လည်းအရမ်းများ၊ သူတို့ကိုက်ရင် အရမ်းနာတယ်၊ ပြီးတော့ဒီချိန်ကပြောင်းဈေးလည်း အရမ်းကျတယ်” ဟု ၎င်းကပြောသည်။
ပြောင်းဝယ်သူ ပြောင်းပွဲစားတစ်ဦးက “အဓိကကတော့ ပြောင်းအရည်အသွေးတွေပေါ့၊ အရည်အသွေးကောင်းရင် ကောင်းသလို ဈေးကောင်းရတယ်” ဟုပြောသည်။
ယခုအချိန်တွင် ပြောင်းဖူးအစိုကို တစ်ပိဿာ (၆၅၀၊၇၀၀၊၇၂၀၊၇၅၀)ကျပ် အသီးသီးဈေးနှုန်းရှိကြပြီး ပြောင်းအခြောက် တစ်ပိဿာကို (၉၀၀)ကျပ်နှင့်အထက် ရနေကြောင်း သိရသည်။
“သူတို့ ဒီလိုမျိုးပြောင်းအစောချိုးလိုက်တာကတော့ သိပ်မကိုက်ဘူးထင်တယ်။ ကျွန်တော့အနေနဲ့ဆိုရင် အခြောက်အရင်လှန်းပြီး သတင်းကျွတ်ပြီးမှ ရောင်းရင်ဈေးကောင်းပိုရနိုင်တယ်” ဟု ၎င်းကဆက်ပြောသည်။
ယခင်နှစ်များတွင် ခရမ်းချဥ်သီးအများစုစိုက်ပျိုးကြပြီး ယခုနှစ်တွင် ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်လာခြင်းကြောင့် ခရမ်းချဥ်သီးအတွက်လိုအပ်သည့် အရင်းအနှီးများမစိုက်ထုတ်နိုင်ကြဘဲ ခရမ်းချဥ်သီးအစားပြောင်းကိုစိုက်ပျိုးလာကြကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *