ခမ်းသားငေါဝ်း
အောက်တိုဘာ ၈၊ ၂၀၂၃
တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ဘေးရှောင်များရှိရာ ကျေးရွာအတွင်းသို့ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၈ နှစ်အရွယ် ကလေးငယ်တစ်ဉီး ထိမှန် သေဆုံးခဲ့ရ ကြောင်းသိရသည်။
အောက်တိုဘာလ ၇ ရက် နေ့ မွန်းလွဲ ၁ နာရီအချိန်က ကယား(ကရင်နီ)ပြည် ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်ရှိသည့် ကျေးရွာတစ်ရွာသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
” ကလေးငယ်ရဲ့ ဦးခေါင်းနဲ့ခါးဝမ်းဗိုက်နား ထိတာ ဒဏ်ရာအရမ်းပြင်းတော့ သေဆုံးသွားတယ်။ ဆေးရုံပို့ဖို့လည်းမမှီတော့ဘူး”ဟု အသက် ၃၀ အရွယ် ဒေသခံတစ်ဦးက ပြောသည်။
ထိုကျေးရွာအတွင်း လက်နက်ကြီး ၂ လုံး ကျရောက်ခဲ့ပြီး စစ်ရှောင်မိသားစု နေထိုင်ရာ နေအိမ်အနီး ကျရောက် ပေါက်ကွဲခဲ့ကာ နေအိမ်အတွင်းရှိ ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးစ ထိမှန် သေဆုံးခဲ့သလို လူနေအိမ်နှစ်လုံးထိခိုက်ပျက်စီးသွားသည်ဟုသိရသည်။
တစ်ပတ်အတွင်းတွင် စစ်ရှောင်စခန်းနှင့် လူနေကျေးရွာများကို စစ်ကောင်စီကလက်နက်ကြီးနှင့်လေယာဉ်ဖြင့်ပါနေ့တိုင်း တိုက်ခိုက်လာသော ကြောင့် ဒေသခံများ ထိတ်လန့် နေကြရကြောင်းပြောဆိုကြ သည်။
“ညညဆိုမအိပ်ရဲကြဘူး။နေ့ဖက်လည်း ဘယ်မှ မသွားရဲဘူး။ အိမ်ထဲနေတာတောင် ဘယ်ချိန် လက်နက်ကြီး ကိုယ့်ခေါင်းပေါ် ကျလာမလဲ အဲလိုမျိူး စိုးရိမ်တဲ့စိတ်က အမြဲရှိတယ်။”ဟု ‌ယင်းဒေသခံက ဆက်ပြောသည်။
စစ်ကောင်စီသည် အရပ်သားပြည်သူများကို ရန်သူသဖွယ်သတ်မှတ်ပြီး လူနေကျေးရွာနှင့် စစ်ဘေးရှောင်များ ရှိရာနေရာကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် စစ်ရာဇဝတ်မှုများ ပေါ်ပေါ်ထင်ထင် ကျူးလွန်လျက်ရှိကြောင်း ကရင်နီအမျိူးသားကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၅ သတင်းနှင့်ပြန်ကြားရေးငှာနက ထုတ်ပြန်ပြောဆိုထားသည်။
ဖရူဆို အနောက်ခြမ်းကျေးရွာဖက်၌ အောက်တိုဘာ လပထမပတ်အတွင်း စစ်ကောင်စီကလက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၈ လုံး၊ စာသင်ကျောင်း ၃ လုံး၊ ဝန်ထမ်းအိမ်ရာ ၁ လုံးပျက်စီးခဲ့ရပြီး ဒေသခံနွား ၅ ကောင် သေဆုံးကာ ဒေသခံအမျိုးသမီးတစ်ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ ကြောင်း KNDFထုတ်ပြန်ချက်အရသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *