ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၀၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ ရွှေပြည်အေးရွာတွင် စစ်ကောင်စီတပ်သားများက ရွာသားများကို ဖမ်းပြီး ငွေဖြင့်ပြန် ရွေးခိုင်းနေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
စစ်ကောင်စီတပ်သားများသည် ရွှေပြည်အေးရွာအနီးရှိ ရွာဘုရားတောင်ပေါ် တွင် တပ်စွဲထားသဖြင့် ဒေသခံများတောင်ယာသို့ အလုပ်သွားသည့်အချိန်တွင် ကြောက်လန့်နေရပြီး လုံခြုံရေးလည်း စိုးရိမ်နေကြရကြောင်း သိရသည်။
“ရွာသားအများစုက ကြောက်လို့ စစ်ရှောင်ကြတယ်။ စစ်မရှောင်တဲ့ သူလည်းများတယ်။ အမျိုးသမီးအစ၊သက်အိုရွယ်အိုအစ သူတို့ဖမ်းတယ်။ ပြီးမှ ငွေနဲ့ ပြန်ရွေးခိုင်းတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရွေးခိုင်းတာလည်း မတူဘူး။တစ်ခါဆို တစ်သိန်း ၊နှစ်သိန်းအဲလောက်နဲ့ရွေးခိုင်းတယ်” ဟု ကိုယ်တိုင်ကြုံ တွေ့ရသူဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် ရွာထဲကျန်ရှိ ရွာသားများကို မတရား ခိုင်းစေခြင်း၊ သေနတ်ပစ်ပစ်ဖောက် ခြိမ်းခြောက်ခြင်း၊ လူမရှိသည့် အိမ်များကို စစ်ကောင်စီတပ်သားများက ဝင်ရောက်နေထိုင်ခြင်း ပြုလုပ်နေကြောင်း ၎င်းက ဆက်ပြောသည်။
ရွှေပြည်အေးကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် စစ်ကောင်စီတပ် နှင့်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲ‌ကြောင့် ဒေသခံ နေအိမ်အလုံး၂၀ ကျော် မီးလောင်ပျက်စီးခဲ့ရ ကြောင်း သိရသည်။
ရွာသာ၂၀ ဦးကိုလည်း စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသည့် ရွာသားအထဲ ၂ ဦးသည် စစ်ကြေားရေးတွင် သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *