ခမ်းသားငေါဝ်း
အောက်တိုဘာ ၅၊၂၀၂၃
ဆောင်းပြောင်းကျေးရွာတွင် ရက်ရှည်လျှပ်စစ်မီးပြတ်တောက်သဖြင့် ဒေသခံပြည်သူများဆက်သွယ်ရေး၊ ချက်ပြုတ်ရေးနှင့် ကျောင်းသားကျောင်းသူများအတွက် အခက်အခဲဖြစ်ရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင်စက်တင်ဘာ ၂၈ ရက်နေ့မှ ယနေ့အောက်တိုဘာ ၅ ရက်နေ့အထိ ရက်ရှည်လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး ယနေ့အထိလျှပ်စစ်မီးမလာသေးသဖြင့် ဒေသခံများ အခက်အခဲဖြစ်‌နေကြရကြောင်း သိရသည်။
“အခုက ဘာလုပ်လုပ်ဖုန်းနဲ့ဘဲ အဆက်သွယ်လုပ်နေကြတာ မီးမလာတော့ ဘာမှလုပ်မရဘူး။ ဖုန်း၊ပါဝါဘတ်တွေကို အခြားရွာမှာ သွားသွင်းရတယ်။အချို့ကအမျိုးရှိတဲ့ရွာ သွင်းကြတယ်။ နှစ်ရက်တစ်ခါသွားတော့ ဆီဖိုးလည်းကုန်တယ်။ညဘက်ဆိုလည်းမှောင်မဲနေဒါဘဲ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါင်းကို ပြောသည်။
ရက်ရှည်လျှပ်စစ်မီးမလာခြင်းကြောင့် ဒေသခံများအတွက် ချက်ပြုတ်ရေးတွင် အခက်အခဲရှိသလို ကျောင်းဖွင့်ရာသီဖြစ်၍ ကျောင်းသားကျောင်းသူများစာကြည့်ချိန်တွင်လည်း အခက်အခဲဖြစ်ရကြောင်း သိရသည်။
ယခုအခါ ဒေသခံအများစုသည် စိုက်ပျိုးရေးလုပ်ရာတွင်လည်း လျှပ်စစ်ဓါတ်အားသွင်းရသည့် ဆေးဖျန်းပုံးနှင့် အခြားအသုံးအဆောင်းများ အသုံးပြုများလာသဖြင့် လျှပ်စစ်မီးမရှိပါက နှောင်းနှေးကြန့်ကြာမှုရှိစေပြီး အချို့တွင် ထိခိုက်ပျက်စီးသည်အထိဖြစ်ရကြောင်း စိုက်ပျိုးရေးလုပ်ကိုင်သူတစ်ဦးက ပြောသည်။
‌တောင်ယာလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးကလည်း “အခုက‌ စိုက်ခင်းမှာ ဆေးတွေဖျန်းရမဲ့အချိန် မီးမလာတော့ ဆေးဖျန်းပုံးတွေအားမရှ်ိဘူး။‌ဆေးပုံမှန်မဖျန်းနိုင်ရင် စိုက်ခင်းတွေ ပိုးစားပြီးပျက်စီးကုန်ရတယ်။ မီးလာဖို့ဘဲဆုတောင်းနေရတယ်”ဟုပြောသည်။
ယခုတွင် အိမ်ခြေရှစ်ရာခန့်ရှိ ဆောင်းပြောင်းကျေးရွာတစ်ရွာသာ ရက်ရှည်မီးပြတ်တောက်ခြင်းဖြစ်ပြီး ဆောင်းပြောင်းရွာနှင့်ဆယ်မိုင်ခန့်ဝေးသည့် နောင်ဝိုးရွာ၊ ပင်ခွန်ရွာ နှင့်အခြား‌‌ဘေးပတ်ဝန်းကျင်ကျေးရွာများတွင်မူ လျှပ်စစ်မီးပုံမှန်လာနေကြောင်း ဒေသခံပြောပြချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *