ခမ်းသားငေါဝ်း
အောက်တိုဘာ ၅၊၂၀၂၃
ရွာငံမြို့နယ်မှာ စစ်ရေးလှုပ်ရှားမှုတွေရှိလာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ ညနေ ၅ နာရီ နောက်ပိုင်း အပြင်မထွက်ဖို့ မှော်ဘုရင်စစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အပေါ် ပြည်သူတွေစိုးရိမ်မှု့ရှိနေတယ် လို့ ရွာငံဒေသခံများထံမှ သိရပါတယ်။
ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်မှာ စစ်ရေးလှုပ်ရှားမှုတွေ ရှိလာနိုင်တဲ့အတွက် အောက်တိုဘာ လ ၅ ရက်‌နေ့က‌နေ ၁၅ ရက်‌နေ့အတွင်း ပြည်သူတွေညနေ ၅ နာရီနောက်ပိုင်းအပြင်မထွက်ဖို့ မှော်ဘုရင်စစ်ကြောင်းရဲ့ ထုတ်ပြန်အချက်အရ သိရပါတယ်။
အဆိုပါ ထုတ်ပြန်ချက်အပေါ် ပြည်သူတွေအနေနဲ့သွားလာရခက်ခဲပြီး လက်နက်ကြီး‌တွေ ထိလာနိုင်မလား စတဲ့ စိုးရိမ်မှုတွေရှိနေတာနဲ့ ပတ်သက်ပြီး ယခုလို ပြောဆိုပါတယ်။
“စိုးရိမ်မှု့တွေတော့များစွာ ရှိတာပေါ့၊ ဒီလိုထုတ်ပြန်လိုက်တော့ အစစ်ဆေးတွေက ပိုများလာမယ်၊ လမ်းခရီးကလည်း အဆင်မပြေတော့ဘူး၊ ဘယ်အချိန်များ ထပြီးပစ်ခတ်ကြမလဲ၊ ဘယ်အချိန်လက်နက်ကြီးကျ မလဲ စတာတွေ စိုးရိမ်နေရတယ်” လို့ ရွာငံဒေသခံ အမျိုးသမီးတစ်ဦးက ခမ်းသားငေါဝ်းကို ပြောတယ်။
ရွာငံဒေသခံအချို့က‌တော့ ယခုလိုထုတ်ပြန်ချက်လိုက်တာဟာ အကောင်းဘက်ရှိ‌စေသလို အဆိုးဘက်လည်းဖြစ်‌စေတယ် လို့ ၎င်းတို့ရဲ့အမြင်ကို အခုလို ပြောပြပါတယ်။
“ဒီလို ထုတ်ပြန်လိုက်တော့ ပြည်သူတွေကြိုရှောင်လို့တော့ရသွားတာပေါ့၊ ပြင်ဆင်လို့လည်းရသွားတာပေါ့၊ ဒါပေမဲ့ ပိုဆိုးလာမှာက သူတို့ကတော့ထုတ်ပြန်လိုက်ပီ၊ သူတို့တကယ်စစ်ဆင်ရေးလုပ်မှာလား ဆိုတာကိုတော့ မသိဘူး၊ ထုတ်ပြန်လိုက်တော့ အရင်ဆုံးပြည်သူတွေက ပိုပြီးဒုက္ခရောက်ကြရမှာ၊ စစ်ကောင်စီကလည်းပိုပြီး အစစ်ဆေးများတော့မှာ၊ ရမ်းသမ်းပြီး ဆွဲစိတာမျိုးတွေလုပ်ာလာတော့မှာ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ရွာငံမြို့နယ်အခြေစိုက် မှော်ဘုရင်စစ်ကြောင်း (YMBY)ဟာ စစ်တပ်အာဏာသိမ်းပြီး၂၀၂၁ ခုနှစ် နောက်ပိုင်းမှ ၂၀၂၃ ခုနှစ် ဩဂုတ်လမတိုင်ခင်အထိကို အခြားတော်လှန်ရေးတပ် နာမည်တစ်ခုနဲ့ လှုပ်ရှားလာခဲ့ပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ နောက်ပိုင်းမှာ မှော်ဘုရင် စစ်ကြောင်း အမည်နဲ့ ပြန်လည်လှုပ်ရှားလာခဲ့တယ် လို့ သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *