ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၊ ၂၀၂၃
ရန်ကုန်မြို့တွင် အောက်တိုဘာလ (၁)ရက်နေ့က ကျင်းပပြုလုပ်သည့် Miss World myanmar 2023 ပြိုင်ပွဲကြီးတွင် ဓနုတိုင်းရင်းသူ မယွန်းသိမ့်သိမ့်နွေးက winner ဆုကြီးဆွတ်ခူးနိုင်ခဲ့ကြောင်းသိရသည်။
Miss World myanmar 2023 ဆုရှင် မယွန်းသိမ့်သိမ့်နွေး သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့တွင် နေထိုင်သည့် ဓနုတိုင်းရင်းသူဖြစ်ကြောင်းသိရသည်။
သူမသည်winner ဆုကြီးအပြင် စာနယ်ဇင်းသတင်းမီဒီယာများ မဲပေးရွေးချယ်သည့် Media’s Choice Award၊ ပရိသတ်များ မဲပေးရွေးချယ်သည့် People’s Choice Award၊ Beauty With A Purpose ဆုအပါအဝင်ပြိုင်ပွဲကြီးအတွက် ပံ့ပိုးကူညီကြသည့် စပွန်ဆာလုပ်ငန်းကြီးများက ချီးမြှင့်သည့် Brand Ambassador နှင့် Special Award များစွာကို ဆွတ်ခူးရရှိသွားကြောင်း Miss World myanmar ကထုတ်ပြန်ထားသည်။
ဓနုလူမျိုးတစ်ယောက်ဖြစ်သည့် စာရေးဆရာမ ခင် (တောင်ကြီး) က”ကိုယ်လူမျိုးထဲကနေ အခုလိုမျိုး ထင်ထင်ရှားရှားလေး လူမျိုးဂုဏ်ဆောင်နိုင်တယ်ဆိုတာ ဒါနည်းတဲ့အရည်အချင်းမှ မဟုတ်တာ၊ မှန်တာပြောလို့ရှိရင် ဓနုလူမျိုးတို့ရဲ့ ယဥ်ကျေးမှု ၊အလှ တွေရယ် သူ့ရဲ့ကြိုးစားမှုတွေကို အသိမှတ်ပြုထားတယ်လို့ထင်တယ်၊ ဓနုလူမျိုးတစ်ယောက်အနေနဲ့ အရမ်းဝမ်းသာဂုဏ်ယူတယ်” ဟုပြော သည်။
မယွန်းသိမ့်သိမ့်နွေး၏ ရည်ရွယ်ချက်သည် ကျေးရွာလေးမှအစပြုပြီး ကျန်းမာရေး စောင့်ရှောက်ပေးခြင်း၊ အသိပညာပေးခြင်းနှင့် အမှိုက်ကင်းစင်ရေးလုပ်ငန်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သူမ၏လူမှုစာမျက်နှာ Facebook page တွင် ဖော်ပြထားသည်။
သူမသည် အသက် ၁၉ နှစ်အရွယ် ရှိပြီဖြစ်ပြီး ရန်ကုန်စီးပွားရေး တက္ကသိုလ်ဒုတိယနှစ် တက်ရောက်နေသည့် ကျောင်းသူတစ်ဦးလည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *