ခမ်းသားငေါဝ်း
အောက်တိုဘာ ၃၊ ၂၀၂၃
ကရင်နီပြည်နယ်၊ မော်ချီးဒေသတွင် ဆန်းကြမ်းတစ်အိတ်ကို ကျပ် ၄ သိန်းဖြင့်ဝယ်ယူစားသုံးနေရကြောင်း ဒေသခံတစ်ဦးထံမှသိရပါတယ်။
လွိုင်ကော်မှ မော်ချီးသို့သွားသည့်လမ်းကြောင်း ပိတ်ထားခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကုန်စည်ပို့ဆောင်မှုမရောက်နိုင်ဘဲ ကုန်ပစ္စည်းများ​ပြတ်လပ်ကာ ဆန်စျေးတက်သွားကြောင်း ဒေသခံများထံမှသိရသည်။
ထိုသို့ ကုန်စျေးနူန်းအဆမတန်မြှင့်တက်ခြင်းကြောင့် ဒေသခံများ စားဝတ်နေရေးအခက်ခဲရှိနေပြီး ဆန်ဝယ်စားသည့်အခါတွင်လည်း ပြည်ကောက်ဝယ်စားနေရကြောင်း အသက် ၃၀ အရွယ်ဒေသခံ အမျိုးသမီးက ယခုလိုပြောသည်။
“ အခုက ဆန်တစ်အိတ်ကိုလည်း ၄ သိန်းဆိုတော့ ဝယ်စားလို့မနိုင်ဘူးလေ၊ တစ်ပြည်ခြင်းပဲဝယ်စားနေရတယ်။ ဒါတောင်နပ်မှန်အောင် မစားနိုင်ဘူး။ ရတဲ့ဝင်ငွေနဲ့ ထွက်ငွေနဲ့ကလုံးဝကို မကိုက်တာ”ဟု ပြောသည်။
လက်ရှိ မော်ချီးမြို့တွင် အခြေခံ စားသောက်ကုန်ဖြစ်သည့် ဆန်ကြမ်း ၂၄ ပြည် တစ်အိတ် ၄ သိန်း ကျပ်၊ စားအုံးဆီ တစ်ပိဿာ တစ်သိန်းကျပ်၊ ကြက်ဥတစ်လုံး ၁,၅၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၂ သောင်းကျပ် စသည့် ကုန်ပစ္စည်းများ အဆမတန် စျေးနူန်းမြင့်တက်နေကြောင်း စုံစမ်းသိရှိရသည်။
ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့စည်းနှင့် စစ်ကောင်စီတို့ငြိမ်းချမ်းရေးယူထားသည့် အချိန်မှ ရံဖန်ရံခါ သွားရတာကြောင့်ကုန်စည် ပြတ်လပ်မှုဖြစ်နေကြောင်း အသက်၂၀ ကျော် အရွယ်ဒေသခံတစ်ဦးထံမှသိရသည်။
“ ကျွန်နော်တို့ဖက်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နဲ့ စစ်တပ်တို့ ငြိမ်းချမ်းရေးယူထားတဲ့အချိန်မှ တစ်ခါတစ်လေ သွားလာခွင့်ရတာ၊ စီးပွားရေးအမြတ်ထုတ်ချင်တဲ့သူက စျေးကိုအဆမတန်တင်ရောင်းနေတာ”ဟု ၄င်းကဆက်လက်ပြောသည်။
မော်ချီးဒေသတွင် လွန်ခဲ့သည့် သုံးလကတည်းကပင် ကုန်စျေးနူန်းအဆမတန် မြင့်​တက်နေခြင်းဖြစ်သည်ဟု ဒေသခံများထံမှသိရပါသည်။
မော်ချီးဒေသတွင် စိုက်ပျိုး၊ မွေးမြူရေးကိုမလုပ်ကိုင်ဘဲ ခဲ သတ္တုကိုသာအဓိကတူးဖော်လုပ်ကိုင်ခြင်းကြောင့် ကုန်စည်များပြတ်လပ်မှုဖြစ်နေသည်ဟု စုံစမ်းသိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *