ခမ်းသားငေါဝ်း
စက်တင်ဘာ ၃၀၊၂၀၂၃
တောင်ကြီးမြို့အဝင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် ဂိတ်စောင့်စစ်သားများက လမ်းသွားလာသည့်အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်စစ်ဆေးမှုများရှိနေကြောင်း အမျိုးသမီးတစ်ဦးထံမှ သိရသည်။
သွားလာသည့်အမျိုးသမီးများကို အထက်စီးပြောဆိုခြင်း၊ မဖွယ်မရာစကားပြောခြင်း၊ အသားယူစစ်ဆေးခြင်း၊ ဆဲဆူအောငေါက်ခြင်း ပြုမူဆက်ဆံခြင်း ရှိနေတယ်လို့ ကိုယ်တိုင်ကြုံဖူးသူအမျိုးသမီး
တစ်ဦးပြောဆိုချက်အရ သိရသည်။
“မေးတဲ့ဟာကိုကောင်းကောင်းပြောနေရက်သားနဲ့ ဟိုကိုင်ဒီကိုင် လက်မောင်း ပုခုံးကိုလာကိုင်တယ်၊ ပုခုံးပေါ်ဓားတင်တဲ့ ကိစ္စတွေလည်းကြုံရတယ်၊ ဒါနဲ့ဆို ကြုံရတာနှစ်ခါရှိပြီ ဘယ်သွားမလဲ၊ ခနနေဒီကိုပြန်လာဦးမလား၊ ဟင်းဝယ်လာပေး အဲ့လိုတွေအများကြီးခံရတယ်” ဟုတောင်ကြီးမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ကျွန်မဆိုလို့ရှိရင် ဆံပင်အတိုထားတယ်၊ ကျားကျားယားယား နေတဲ့သူတောင်မှ ဒီလိုမျိုးခံရတယ်ဆိုတော့ ဒီလိုတခြားသောအမျိုးသမီးတွေ အဲ့လိုမျိုးလိုက်နှောက်ယှက်တဲ့ဟာတွေ မကြုံရဘူးလို့ ပြောလို့မရဘူး”ဟု ၎င်းကဆက်ပြောသည်။
ဂိတ်စောင့်နေသည့်စစ်သားများသည် လုံခြုံရေးအရစစ်ဆေးခြင်းဖြစ်ကြောင်းပြောဆိုပြီး အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်စစ်ဆေးမှုပြုလုပ်နေခြင်းကြောင့် လူတိတ်သည့်အချိန်တွင် တစ်ယောက်ထဲသွားလာရမှာ ကြောက်ရွံ့‌ ကြောင်း ဆိုသည်။
စစ်ကောင်စီတပ်သားများက အမျိုးသမီးကိုစစ်ဆေးရာတွင် နယ်ဝေးဖြစ်သည့် ပင်လောင်း၊ နောင်တရား၊ လွိုင်လင်၊ ပင်လုံ၊ လဲချား နှင့် တောရွာမှတက်လာသည့်အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုအပြင် ငွေကြေးတောင်းဆိုခြင်းလည်း ရှိနေကြောင်း စုံစမ်းသိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *