ခမ်းသားငေါဝ်း
စက်တက်ဘာ ၂၇၊၂၀၂၃
လွိုင်လင်မြို့နယ်အတွင်းရှိ ပအိုဝ်းကျေးရွာများတွင် PNO ပြည်သူ့စစ်အဖွဲ့က ရုံးအတွက်နှင့် စစ်ဖိနပ်ဖိုး ဟုဆိုကာ ဒေသခံများထံမှာ မကြာခဏ ပိုက်ဆံကောက်ယူမှုများ ရှိနေသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“မြို့နယ်က ကျွန်တော်တို့ကို ပြောလာတာကတော့ ရုံးအတွက် ရုံးမှာရှိတဲ့သူ သွားလာရေးအတွက် မြို့နယ်အသွားအလာစရိတ်အတွက် ပအိုဝ်းရုံးပါ၊ ပင်လုံမှာရှိနေတဲ့ PNO ရုံးပါ။ အုပ်စုတိုင်း အုပ်စုတိုင်းကောက်ပါတယ်” ဟု လွိုင်လင်မြို့နယ်မှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
လစဥ်ပုံမှန်ပေးဆောင်ရတာမျိုးမဟုတ်ဘဲ အဖွဲ့အစည်းမှ လိုအပ်လျှင်လိုအပ်သလို လာရောက်ကောက်ခံလေ့ရှိသည်ဟု လွိုင်လင်ဒေသခံတစ်ဦးက ပြောသည်။
“ကောက်တာတော့ အမြဲတမ်းကောက်ပါတယ်။ လက မမှန်ဘူး တစ်လနဲ့တစ်လ။ အရင်ဒီတစ်လော ကမှ တစ်အိမ်ကို လေးထောင်။ သူတို့က ၂ မျိုးခွဲပေးထားတယ် အဆင်မပြေတဲ့သူက ၃၅၀၀ ထားပေးတယ်. ၅၀၀ ပဲကွာတာပေါ့ဗျာ” ဟု အဆိုပါဒေသခံက ဆက်ပြောပါသည်။
ရုံးစရိတ်ကောက်ခံမှုအပြင် စစ်ဖိနပ်ဖိုးဟုဆိုကာ တစ်လလျှင်တစ်ကြိမ် တစ်အိမ်ကို ၂၀၀၀ ကျပ် ကောက်ခံသည်ဟု စုံစမ်းသိရှိရပါသည်။
ယင်းသို့ ငွေကြေးကောက်ခံမှုများနှင့်ပတ်သက်၍ PNO ရုံးကိုဆက်သွယ်မေးမြန်းကြည့်ရာ အဖွဲ့အစည်းအမည် ရုံးအမည်ကိုအသုံးချပြီး ကိုယ်ကျိုးအတွက် ပိုက်ဆံကောက်ခြင်း အခွန်ကောက်ခြင်းများ မဖြစ်သင့်ကြောင်း လွိုင်လင်ရှိ PNO ပါတီဝင် ဦးခွန်ကျော်ဝေါင်းကပြောသည်။
“ကျွန်တော်တို့အနေနဲ့ကတော့ကောက်တာမရှိခဲ့ဖူးဘူး။ သို့ပေမဲ့ အဲ့ထဲမှာတော့ တခြားပါတီတွေကောက်တာရှိရင်တော့ အဲ့ဒါမဖြစ်သင့်ဘူးပေါ့။ မိဘပြည်သူလူထုတွက် လုပ်ပေးသင့်တာကို အဲ့လိုကောက်တာကတော့မဖြစ်သင့်ဘူးပေါ့။ ဒါကျွန်တော်တစ်ယောက်ထဲအမြင်ပါ ဘယ်အဖွဲ့မဆိုအဲ့လိုလုပ်ရင် ကျွန်တော်အနေနဲ့လည်းမကြိုက်ပါဘူး”ဟု သူကပြောသည်။
ပြည်သူလူထုကို ငွေကြေးကောက်ခံရန် PNO အနေဖြင့် ညွှန်ကြားထားခြင်းမရှိကြောင်းနှင့် ယင်းသို့ကောက်ခံလာပါက အဖွဲ့အစည်း၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်မှ တစ်ဆင့်တိုင်ကြားနိုင်ကြောင်း၊ အဆင့်ဆင့်အရေးယူမှုရှိကြောင်းဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *