ခမ်းသားငေါဝ်း
စက်တင်ဘာ ၂၄၊ ၂၀၂၃
သာစည်မြို့နယ်၊ လယ်ပြင်ရွာကျေးရွာရှိ ရွှေတွင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုသဖြင့် အိပ်ပျော်နေသည့် အလုပ်သမားနှစ်ဦး သေဆုံးသွားသည်ဟု သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။
စက်တင်ဘာ ၂၅ ရက် ည ၁၂ နာရီဝန်းကျင် တွင် မိုးများရွာသွန်းထားမှုကြောင့် မြေပြိုသွားပြီး တဲအိမ်များကိုပိကာ အလုပ်သမား ၂ ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည် ဟုဆိုသည်။
သေဆုံးခဲ့သူ နှစ်ဦးမှာ ပအိုဝ်းတိုင်းရင်းသားတစ်ဦးနှင့် ဓနုတိုင်းရင်းသားတစ်ဦးတို့ဖြစ်ပြီး ရှမ်းပြည် နယ် တောင်ပိုင်းတွင် နေထိုင်ကြသူများဖြစ်ကြသည်။
“အိပ်နေတုန်းကို တောင်ကပြိုလာတော့ သူအိပ်တဲ့ တဲကိုပိသွားတာ နှစ်ယောက်တော့ဆုံးသွားတယ်။ ဆုံးသွားတဲ့တစ်ယောက်က ပအိုပ်းကလို့ ပြောတယ်။ တစ်ယောက်ကတော့သုံးဘီးအောက်မှာ ရောက်နေတော့ လက်မှာဒဏ်ရာပဲရသွားတာ”လို့ သေဆုံးခဲ့သူ ဓနုတိုင်းရင်းသားတစ်ဦး၏ ဦးလေးဖြစ်သူကပြော သည်။
သေဆုံးသူများ အတွက် ကုမ္ပဏီမှလျော်ကြေး အဖြစ်သိန်း ၅၀ ပေးခဲ့သည်ဟု ၄င်းကဆက်လက်ပြောကြားသည်။
သေဆုံးသူများ၏ ရုပ်အလောင်းကိုစက်တင်ဘာလ ၂၆ ရက် ညနေ ၄ နာရီအချိန်တွင် အခင်းဖြစ်ပွားရာ လယ်ပြင်ကျေးရွာ၌ မိသားစုဝင်များက သွားရောက် သင်္ဂြိုဟ်ပေးခဲ့ကြသည်။
နှစ်စဥ်နှစ်တိုင်း အဆိုပါရွှေတွင်းတွင် မြေပြိုမှုကြောင့် တစ်နှစ်ကိုနှစ်ဦးထက်မနည်းသေဆုံးမှုရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *