ခမ်းသားငေါဝ်း
စက်တင်ဘာ ၂၅၊ ၂၀၂၃
နောင်တရားဒေသတွင် မိုးသည်းထန်စွာရွာသွန်းပြီးရုတ်တရက် ရေကြီးသဖြင့် သီးနှံစိုက်ခင်းနှင့် လူအသုံးအဆောင်ပစ္စည်းများ ပျက်စီးခဲ့သည်ဟု ဒေသခံများထံမှသိရသည်။
ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နောင်တရားဒေသတွင် စက်တင်ဘာလ၂၄ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရပ်ကွက် ၁ တွင်ရုတ်တရက်ရေကြီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
“ရေကရုတ်တရက်မျောလာတော့ပစ္စည်းတွေ ဆီဗုံးတွေလည်းအကုန်မျှောပါသွားတာပေါ့။ ပစ္စည်းလှောင်ဝယ်ထားတာတွေတော့ ပျက်စီးသွားတာပေါ့နော်။ နှမ်းလုံးတွေဆိုပိဿာချိန်တစ်ထောင်ကျော်တာပေါ့။ မျောပါသွားတယ်ပြန်ရတဲ့ဟာကိုတော့နေပူပြန်လှန်းရတယ်ပြန်မရတဲ့ဟာတော့မရဘူးပေါ့နော်” ဟုအဆိုပါဒေသခံတစ်ဦးကပြောသည်။
ထိုကဲ့သို့ ရုတ်တရက်ရေကြီးမှုသည် နောင်တရားဒေသတွင် ပထမဆုံးကြုံတွေ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
“အမေတို့ကလည်းအခု အသက် ၅၀ ‌‌ကျော် ၆၀ ရှိနေပြီ။ ဒီလိုတစ်ခါမှ မကြုံဖူးဘူး။ မိုးရွာတာကတော့ နာရီဝက်‌လောက်တော့ကြာတယ်ပေါ့။ မိုးရွာပြီး ၁၅ မိနစ် မိနစ် ၂၀ အတွင်း‌လောက်မှာ ရေက ရုတ်တရက်ကြီး ကြုံးဝင်လာတာ” ဟု ကိုယ်တိုင်ကြုံတွေ့ရသူ အဆိုပါ ဒေသခံက ပြောပါသည်။
မိုးရေကြီးမှုကြောင့်ဖုန်းအပါအဝင် အသုံးအဆောင်အချို့ ရေစီးဖြင့် မျောပါသွားပြီး၊ ဂျင်း၊ ငရုတ်နှင့် အာလူးစိုက်ခင်းများလည်း ပျက်စီးသွားခဲ့သည်။
ပြီးခဲ့သည့်ဩဂုတ်လတွင်က မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ပင်လောင်းမြို့ မြို့ပေါ်ရပ်ကွက်အချို့ရေကြီးခဲ့ပြီး ကျေးရွာအချို့ တွင်လည်း စိုက်ခင်းများရေမြုပ်ပျက်စီးခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *