ခမ်းသားငေါဝ်း
စက်တင်ဘာ ၂၅၊၂၀၂၃
ညောင်ရွှေမြို့နယ် စံကားဒေသရှိ ကရင်နီစစ်ရှောင်များအတွက်ရရှိသည့် ထောက်ပံ့ကြေးကို စစ်ရှောင်တာဝန်ခံ၏ အမြတ်ထုတ်ခြင်းခံနေရသည်ဟု စစ်ရှောင်တစ်ဦးကပြောပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် စံကားဒေသ ထီးကာကျေးရွာရှိ စစ်ရှောင်သူများအတွက် တောင်ကြီးအလှူရှင်တစ်ဖွဲ့က စက်တင်ဘာလ ၁၉ ရက်နေ့က တစ်အိမ်ထောင်လျှင် ၁သိန်းကျပ်ထောက်ပံ့ပေးခဲ့ရာ စစ်ရှောင်တာဝန်ခံက ယင်းသို့ အမြတ်ထုတ်ရန်ကြိုးပမ်းခြင်းဖြစ်သည်။
” အလှူရှင်မလာကတည်းက ကျေးရွာလမ်းခင်းဖို့ ၅ သောင်းကျပ် ပြန်ထည့်ပေးရမယ်ပေါ့၊ မပေးဘူးဆိုရင် စစ်ရှောင်စာရင်းကနေ ဖယ်လိုက်မယ်၊ နောက်ထပ်အလှူရှင်လာရင်လည်း မရတော့ဘူး “ဟု ကိုယ်တိုင်ကြုံတွေ့သူ စစ်ရှောင်အမျိုးသမီးတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ထိုသို့ကောက်ခံသည့်ငွေကို အလှူရှင်ပြန်သွားပြီးတစ်ရက်နှစ်ရက်ကြာမှ ၎င်း၏အိမ်သို့ လာရောက်ပေးရန် စစ်ရှောင်တာဝန်ခံက ပြောကြားခဲ့သည်ဟုဆိုပါသည်။
” အလှူရှင်လာထောက်ပံ့တဲ့အခါသူတို့ရှေ့မှာမပေးဘဲ အိမ်ရောက်ပြီး ၁ရက် ၂ရက်နေပြီးမ တာဝန်ခံအိမ်လာပေးရမယ်ဆိုပြီးပြောတယ်” ဟု၎င်းကဆက်ပြောပါသည်။
“ထက်ဝက်ပေးရမယ်ဆိုရင်အဆင်မပြေဘူးလေ၊ စစ်ရှောင်ချိန်လည်းဖြစ် ကုန်စျေးနှုန်းလည်းတက် ကျန်းမာရေးလည်းခဏခဏဖြစ်တော့ ငွေကြေးကလိုအပ်တယ်လေ၊ မပေးချင်တာတော့မဟုတ်ဘူး မှန်မှန်ကန်ကန်တော့ဖြစ်စေချင်တာပေါ့” ဟု စစ်ရှောင်သူတစ်ဦးကဆိုပါသည်။
ငွေကြေးအမြတ်ထုတ်သည်ဟု စွပ်စွဲခံရသည့် တာဝန်ခံကိုဖိုးထူကို ဆက်သွယ်မေးမြန်းရာ ” အဲဒါမဟုတ်ဘူးဗျ ဟုငြင်းဆိုသည်။
အဆိုပါ ပြဿနာကို ကျေးရွာဥက္ကဌနှင့် စစ်ရှောင်များအားလုံး ရှင်းလင်းပြီးဖြစ်သည်ဟု ကိုဖိုးထူးကပြောသည်။
” ပိုက်ဆံရတဲ့အချိန်သူတို့ကို စေတနာရှိသလောက်လို့ ကျွန်တော်ပြောတာ ရပ်ရွာအတွက် ခင်ဗျားတို့ ဘာတွေအကျိုးပြုချင်တုန်းလို့မေးတဲ့အချိန်မှာ သူတို့က ငွေငါးသောင်းစားတယ် ဆိုပြီးတော့ လိုင်းပေါ်ကောက်တင်လိုက်တာ” ဟု ကိုဖိုးထူးက ရှင်းပြပါသည်။
ထီးကာကျေးရွာတွင် စစ်ရှောင် ၃၀ ကျော်ရှိပြီး မိုးဗြဲနှင့် ဒီမော့ဆိုမြို့နယ်မှ စစ်ရှောင်အများဆုံးဖြစ်ကြောင်း သိရသည်။