ခမ်းသားငေါဝ်း
စက်တင်ဘာ ၂၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း နောင်တရားမြို့နယ်ရှိအာလူးစိုက်တောင်သူများသည် လတ်တလော ဒေသထွက်အာလူးစျေးကျနေသဖြင့် တွက်ချေမကိုက်ပဲ အရှုံးပေါ်နေကြောင်း စက်တင်ဘာလ ၂ရက်နေ့တွင် အာလူးစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
စျေးကွက်အတွင်း တရုတ်အာလူးအဝင်များသဖြင့် ဒေသထွက်အာလူးများ ဈေးကျပြီး ဒေသတွင်း အာလူးစိုက်ပျိုးတောင်သူများ၏ အာလူးဈေးကွက် ထိခိုက်လာရခြင်းဖြစ်သည်။
ဩဂုတ်လအဝင်ပိုင်းတွင် အာလူး(ကြီး)စျေးနှုန်း
၁ပိဿာ ၃၃၀၀/၃၅၀၀ကျပ်၊ အာလူး(သေး) ၁ပိဿာ ၁၆၀၀/၂၀၀၀ ကျပ် အထိစျေးရရှိခဲ့ပြီး ယခုရက်ပိုင်းတွင် အာလူး(ကြီး) ၂၀၀၀/၂၃၀၀ ကျပ်နှင့် အာလူး(သေး) ၁၃၀၀ မှ ၁၆၀၀ ကျပ် ဝန်းကျင်သာရှိသဖြင့် တွက်ခြေမကိုက်ဖြစ်ကြောင်း သိရသည်။
” အစောပိုင်းတုန်းက စျေးကောင်းရတယ်၊ဒီရက်
ပိုင်း တရုတ်ဘက်ကအဝင်များတော့ စျေကောင်းမရတော့ဘူး၊ အရင်က ၁ ဧကကိုသိန်း ၃၀ ဝန်း
ကျင် အရင်းကုန်တယ်၊ အခုက ၁ ဧကကို ၆၅သိန်းလောက် ရင်းရတယ်၊ အာလူးကအရင်းနှီးများတယ်၊စိုက်ပြီးရင်လည်း အာလူးက မဥတာတို့၊ ပိုးကျတာတို့ ဖြစ်ရင် ဆုံးရှုံးမှုကပိုများတာပေါ့” ဟု အာလူးစိုက်ဒေသခံတစ်ဦးက ပြောသည်။
အာလူးသည် တစ်နှစ်တွင် (၃)ကြိမ်အထိစိုက်ပျိုး၍
ရသော သီးနှံဖြစ်ပြီး စိုက်ပျိုးရာတွင် အရင်းအနှီးကြီးကြီးမားမား စိုက်ထုတ်ရကြောင်း ၎င်းက ဆက်ပြောဆိုသည်။
အာလူးစိုက်ပျိုး‌ တောင်သူတစ်ဦးကလည်း” ပင်လောင်းဖက်မှာတော့ တစ်နှစ်ကိုဧက ၁သောင်းခွဲလောက်စိုက်တယ်၊ ရှမ်းပြည်နယ်အရဆိုရင်တော့ တစ်နှစ်ကိုဧက ၅သောင်းလောက်စိုက်တယ်၊အရင်းအနှီးများတော့ ၁ ပိဿာကို ၂၅၀၀ ကျပ်အထက်စျေးရမှ အဆင်ပြေတယ်ပေါ့၊ ၂၀၀၀ အောက် အခုကုန်စျေးနဲ့ဆို အရှုံးပေါ်မှာပဲ၊ အချို့က စျေးနှုန်းမငြိမ်တော့ မတူးကြသေးဘူး” ဟု ခမ်းသားငေါဝ်းကို ပြောသည်။
တူးထားသည့်အာလူးများကို အောင်ပန်းပွဲရုံသို့အဓိကတင်သွင်းရောင်းချလျက်ရှိပြီး အာလူးကြော်ထုတ်လုပ်သည့်ဆိုင်များထံ တိုက်ရိုက်ရောင်းချသူများလည်းရှိကြောင်း သိရှိရသည်။
အဆိုပါပင်လောင်းဒေသတွင် အာလူးအပြင် ဂေါ်ဖီထုပ်၊ ငရုတ်သီး၊ ခရမ်းချဥ်သီး နှင့် ပန်းမုန်
လာများ စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *