ခမ်းသားငေါဝ်း
စက်တင်ဘာ ၅၊၂၀၂၃
ယခုနှစ်တွင် နိုင်ငံခြားသို့ ဂျင်းတင်ပို့မှုအားကောင်းသဖြင့် ဈေးကွက်အတွင်း ဂျင်းဝယ်လိုအားကောင်း ပြီး ဂျင်းဈေးကောင်းရရှိနေကြောင်း ဂျင်းဝယ်ရောင်းသူတစ်ဦးထံမှ သိရသည်။
ဈေးကွက်အတွင်း ဂျင်းဈေးကောင်းရရှိသ‌လောက် စိုက်ပျိုးတောင်သူများထံတွင် ဈေးကောင်းမရရှိ‌နေကြောင်း စက်တင်ဘာလ ၅ ရက်နေ့တွင် သိရသည်။
ယခုလက်ရှိဈေးကွက်အတွင်း ဂျင်းဥမအခက်
(ကြီး) ၁ပိဿာ ၆၅၀၀/၇၀၀၀ ကျပ်၊ ဂျင်းဥမ(အ
သေးစ) ၃၅၀၀ ကျပ်အထိ ရရှိနေပြီး မြေပြင်စိုက်ပျိုးတောင်သူများထံတွင် ဂျင်းအခက်(ကြီး) ၁ပိဿာကို ၅၀၀၀ ကျပ်သာရရှိကြောင်း စိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရသည်။
” ရွာမှာတော့ ၅၀၀၀ ကျပ်ပေါ့လေ၊အရင်နှစ်နဲ့စာရင်ဂျင်းဈေးကောင်းတယ်ပြောရမှာပေါ့၊ ပွဲရုံအထိသွားမရောင်းနိုင်တော့ ပွဲစားဖြတ်တဲ့ဈေးနဲ့ပြီးကြတာ များပါတယ်၊ အချို့ပွဲစားတွေက ဈေးမရှိခင်ကတည်းကကြိုဝယ်ပြီး မြေထဲ ပြန်မြှပ်ထားကြတာဈေးကောင်းရချိန်မှာ ပြန်ထုတ်ရောင်းကြတယ်” ဟု ရွာငံမြို့နယ်ရှိ ဂျင်းစိုက်ပျိုးတောင်သူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ဈေးကွက်နှင့်ပွဲရုံများတွင် ဈေးကောင်းရရှိနေပြီးစိုက်ပျိုးတောင်သူများအနေဖြင့် ပွဲရုံသို့ကိုယ်တိုင်သွားရောင်းလိုသော်လည်း စစ်ဆေးရေးဂိတ်များတွင် အဆမတန်ငွေတောင်းခြင်း၊ စစ်ဆေးခြင်းများရှိသည့်အတွက် ပွဲစားများထံမှတစ်ဆင့် ရောင်းချကြရခြင်းဖြစ်ကြောင်း သိရသည်။
ပင်လောင်းဒေသဂျင်းစိုက်ပျိုးသူတစ်ဦးကလည်း ” ရွာမှာရောင်းရင်တော့ အရမ်းနှိမ်ခံရတယ်၊သူတို့ဖြတ်ချတဲ့ဈေးပဲ ရတယ်၊ ပွဲရုံအထိဆိုရင်လည်း ဂိတ်တွေဖြတ်ရတာတစ်ကြောင်း၊ သယ်ယူဖို့အခက်အခဲတွေပါရှိတော့ ရွာမှာပဲအများစုက ရောင်းကြတယ်၊ ဂျင်းက တစ်နှစ်မှာ တစ်ကြိမ်စိုက်တာပေါ့၊မတ်လဆို စပြီးစိုက်တယ်၊ဩဂုတ်လ၊ စင်တက်ဘာလဆိုရင်ဂျင်းဥမတွေ ထုတ်ရောင်းကြတယ်၊ အရင်းအနှီးများများရင်းနိုင်ရင်တော့ များများပြန်ရနိုင်တဲ့သီးနှံဖြစ်တယ်”ဟု ပြောသည်။
ဂျင်းကိုရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးလုပ်ကိုင်ပြီး၊ ချင်းပြည်နယ်တွင် ဒုတိယအများဆုံး နှင့် မန္တလေးတိုင်းတွင် တတိယအများဆုံးစိုက်
ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
ပုံ- crd အောင်ပန်းကုန်စည်အမျိုးမျိုးရောင်းဝယ်ရေး-အောင်ပန်းပွဲရုံ

Leave a Reply

Your email address will not be published. Required fields are marked *

You missed