ခမ်းသားငေါဝ်း
ဩဂုတ် ၃၀၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဘန့်ဘာ‌အုပ်စု၊ ကန့်ဖြူအောက်ကျေးရွာ(ကထန်းရွာသစ်)တွင် ကျေးလက်ကလေးများ ပညာသင်ကြားနိုင်ရန် ကယန်းအမျိုးသားပညာရေးကော်မတီ (KNEC)က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
၎င်းဒေသသည် ပြီးခဲ့သည့်(၂)နှစ်တာကာလအတွင်းနိုင်ငံရေးအခြေအနေများကြောင့် ဆရာ/မများ ရောက်လာခြင်းမရှိဘဲ ကလေးများအတွက် ပညာရေးအခွင့်အရေးများဆုံးရှုံးရပြီး ယခုနှစ်တွင် KNEC မှ ပညာသင်ကြားပေးနိုင်မည့် စေတနာ့ ဝန်ထမ်း(၂)ဦး ပို့ဆောင်ကူညီခဲ့ကြောင်းသိရသည်။
“အဲ့ဒီရွာက‌‌ ဝေးလံခေါင်ဖျားတဲ့နေရာလည်းဖြစ်တယ်။ သူတို့ဒေသမှာ ကျောင်းဖွင့်လှစ်နိုင်ဖို့ ကျွန်တော်တို့ KNECမှ ဦးဆောင်ပြီးတော့ ဝိုင်းဝန်းကူညီပေးတယ်ဆိုတဲ့သဘောပါပဲ” ဟု KNECမှတာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ထိုဒေသရှိစာသင်ကျောင်းသည် နိုင်ငငံရေးမတည်ငြိမ်မှုစဖြစ်သည့်အချိန်မှစပြီး ပိတ်ပင်ခဲ့ရကာ၊ ယခင်နှစ်တွင် ကိုယ်ထူကိုထ ကျောင်းပြန်ဖွင့်ရန်ကြိုးစားခဲ့သော်လည်း ကူညီသူများမရှိသဖြင့်ကျောင်းဖွင့်နိုင်ခြင်းမရှိပဲ ယခုနှစ်တွင် KNEC၏ အကူအညီဖြင့် ‌ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ကြောင်းသိရသည်။
“သူတို့ကျောင်းကနားထားတာကြာပြီ၊ အရင်နှစ်ကကူညီမဲ့သူ မရှိတော့ ကျောင်းကဖွင့်လိုက်ပိတ်လိုက်ဖြစ်နေတာ။ ဒီနှစ်ကျတော့ သူတို့ကကျွန်တော်တို့နဲ့ ချိတ်ဆက်အကူအညီတောင်းပြီး သူတို့လိုအပ်နေတဲ့ ဆရာ/မကိုလည်း ကျွန်တော်တို့ပို့ပေးတော့ အခုကျောင်းက ပုံမှပြန်ဖွင့်နိုင်ပြီ” ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါကျေးရွာသည် ပင်လောင်းမြို့နယ်အစွန်နှင့် ကယန်းဒေသ၏ နယ်စွန်နယ်ဖျားတွင် တည်ရှိပြီးသွားလာရေးလမ်းခရီးအလွန်ခက်ခဲသဖြင့် လူမှုရေးအသင်းအဖွဲ့များ ရောက်ရှိမှုနည်းပါးသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *