ခမ်းသားငေါဝ်း
ဩဂုတ် ၂၇၊ ၂၀၂၃
သတင်းဆောင်းပါး
တောတောင်များနှင့် နွေဆိုလျှင် နီဝါဝါ၊ မိုးဆိုလျှင် စိမ်းစိမ်းစိုစို၊ ဆောင်းဆိုလျှင် အုံ့အုံ့မှိုင်းမှိုင်းနှင့် ဥတုသုံးပါစလုံး လှပသည့်မြင်ကွင်းများရှိသည့် နမ့်စခန်မြို့ကလေးသည် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့အရှေ့ဘက် ၁၄ မိုင်အကွာတွင်ရှိသည်။ နမ့်စန်မြို့သည် ယခင်က လွိုင်လင်ခရိုင်အတွင်းတွင် တည်ရှိနေပြီး၊ ယခင်ဝန်ထမ်းမြို့ ဟု ခေါ်ကြသလို စစ်တပ်က ပြည်သူ့အာဏာသိမ်းပြီးနောက်ပိုင်း နမ့်စန်မြို့ကို နမ့်စန်ခရိုင်ဟုလည်း သတ်မှတ်ထား လေသည်။
နမ့်စန်မြို့နယ်အတွင်း နေထိုင်သည့် တိုင်းရင်းသားများသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗာမာ၊ ရခိုင်၊ ရှမ်း၊ အင်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ ကိုးကန်း၊ တအာင်း(ပလောင်)၊ အာခါ၊ လားဟူ၊ လီဆူး၊ လီရှော၊ အခြား၊ ကယန်း၊ ဝ၊ ယင်း၊ မြောင်ဇီး၊ မုန်းဝန်းဆိုသည့် လူမျိုးစု (၂၀)ကျော် အတူတကွ ယှဉ်တွဲနေထိုင်ကြသည့်အပြင် တရုတ်၊ ကုလား စသည့် လူမျိုးတို့လည်း အတူနေထိုင်ကြသည်။
နမ့်စန်မြို့တွင် ရပ်ကွက်ပေါင်း(၁၁)ရပ်ကွက်ရှိပြီး မြို့နယ်အတွင်းမှာ ကျေးရွာအုပ်စုပေါင်း(၂၀)အုပ်စုနှင့် ကျေးရွာ ပေါင်း(၁၉၆)ရွာရှိကာ မြို့အတွင်းနှင့် ကျေးလက်စုစုပေါင်းနေထိုင်သည့် လူဦးရေမှာ ၁ သန်းကျော်ရှိနေကြောင်း သိရသည်။
ပြည်သူများ၏ အဓိကစီးပွားရေးသည် စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး အဓိကထွက်ကုန်ဖြစ်သော အစေ့ထုတ်ပြောင်း ဂျင်း၊ နာနတ်သီးစသည်တို့ဖြစ်ကြောင်း သိရသည်။
လမ်းပန်းဆက်သွယ်ရေးအလွန်ကောင်းလာသည့်မြို့ ဖြစ်သလို၊ စစ်တပ်၏ ရဟတ်ယာဉ်ကွင်းနှင့် လေတပ်များလည်း တည်ရှိကာ ဆည်မြောင်းတာတမံများလည်း (၁၁) နေရာတည်ရှိကြောင်းသိရသည်။ ထိုအပြင် အစိုးရနှင့် သက်ဆိုင်သောဌာနဆိုင်ရာရုံးများတို့ အခြေစိုက်မှုရှိသလို စစ်ကောင်စီ၏ ခလရတပ်ရင်းများ၊ လက်အောက်ခံဖြစ်သော မဟာကြာပြည်သူ့စစ်၊ နားရိုင်းပြည်သူ့စစ်၊ နားပွဲပြည်သူ့စစ်၊ ပင်လင်းပြည်သူ့စစ်၊ မတ်ကျန်းပြည်သူ့စစ်စသည့်လက်နက်ကိုင် ပြည်သူ့စစ်(၅) ခုထပ်မနည်း နေထိုင်ကြသည်။
ဒေသတွင်းရှိ ပြည်သူများအတွက် အပန်းဖြေနေရာဖြစ်သည့် ဟိုတယ် မိုတယ်များ တည်းခိုခန်းများ ဘားများ နှင့် နမ့်တိန်းချောင်း၊ နောင်ဖာကန်၊ သဘာဝရိပ်သာစသည် နေရာများလည်းရှိနေကြောင်းသိရသည်။
“ဒီနမ့်စန်ကတော့ နေချင်စရာကောင်းတဲ့မြို့ပါ၊ ဘာလို့ဆို စီးပွားရေးလာလုပ်လည်းအဆင်ပြေတယ်၊ တခြား ဒုစရိုက်လုပ်ငန်းဖြစ်တဲ့ မူးယစ်ဆေးရောင်းဝယ်မှာလား၊ လောင်းကစားဝိုင်းထောင်မလား၊ ပိုက်ဆံချမ်းသာလို့ အပျော်အပါးမက်လို့လာနေမလားပေါ့ အကုန်ရတာ၊ ဘယ်လိုပြောရလဲ ကောင်းတာအပြည့်စုံရှိသလို မကောင်း တာလည်း ပြည့်နက်နေတာမျိုးပေါ့၊ နောက်ပြီးတော့ ပြောရရင် အပြင်ကနေကြည့်ရင်လှတယ် ဒါပေမဲ့ အတွင်းက ပုတ်သိုးနေပြီပေါ့ဗျာ” ဟု အမည်မဖော်လိုသည့်ဒေသခံတစ်ဦးကပြောသည်။
စိတ်မကောင်းဖွယ် ဝမ်းနည်းဖွယ်ဟာ ဒုစရိုက်လုပ်ငန်းဖြစ်သော လောင်းကစားဝိုင်းများ၊ မူးယစ်ဆေးဝါးရောင်း ဝယ်သုံးစွဲခြင်းများ၊ အမျိုးသမီးများတချို့ပြည့်တန်ဆာလုပ်စားခြင်းများနှင့် ခိုးဆိုးလုယက်မှုများစသည် ဒုစရိုက် လုပ်ငန်းပေါင်းစုံကို အခွင့်အလမ်းများစွာ လုပ်ကိုင်နိုင်ခြင်း ဥပဒေစိုးမိုးမှုယိုယွင်းနေခြင်းသည် နမ့်စန်မြို့၏ အနာဂတ်တွက် ရင်လေးဖွယ်ရာ ဖြစ်လာခဲ့ပေသည်။
လောင်းကစားကြောင့် ပျက်စီးခြင်း ရောင့်ရဲပြီး ရိုးသားကြသည့်တိုင်းရင်းသား လူမျိုစုံးနေထိုင်သော နမ့်စန်မြို့လေးသည် ယခုတွင် လောင်းကစားဝိုင်း ၏အသွင်ကျယ်လာမှုကြောင့် ပျက်စီးမှုများဖြစ်လာတော့မည်ဟု တက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦး၏ သုံးသပ်ပြောဆိုချက်အရသိရသည်။
“အမှန်တကယ့်တကယ်က အတွင်းမှာ ပျက်စီးမှုအရမ်းဆိုးရွားတယ်၊ မူးယစ်ဆေးနဲ့ပတ်သက်ရင်လွယ်တယ်၊ လောင်းကစားဝိုင်းလည်း ၂၄ နာရီလုံးဖွင့်တာတို့ လချီဖွင့်တာတို့ရှိတယ်၊ နေ့ရော ညရောပါပဲ အများကြီးပေါ့နော်၊ ပြောရမယ်ဆိုကြောက်စရာကောင်းပါတယ်” ဟု နမ့်စန်ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
နမ့်စန်မြို့အတွင်းသော်လည်းကောင်း မြို့နယ်အတွင်းသော်လည်းကောင်း နေထိုင်သည့် ပြည်သူများသည် အထိန်းအကွပ်ကင်းမဲ့ သလိုဖြစ်နေကြောင်းဆိုသည်။ လက်ရှိတွင် နမ့်စန်မြို့နယ်အတွင်း တွင်တွင်ကျယ်ကျယ် လွတ်လွတ်လပ်လပ် လောင်းကစားဝိုင်းကို နေရာအနှံ့အပြား ဖွင့်လှစ်လာသည်မှာ ဆော့ကစားရန်၌ တချို့ဂိမ်း သည် လောင်းကြေးအကန့်သတ် မရှိကြိုက်သလောက်လောင်းကြေးထည့်နိုင်သလို တချို့ဂိမ်းသည် တစ်ထောင် ကျပ်မှငါးသောင်းကျပ်ထိလောင်းကြေးကန့်သတ်မှုအမျိုးမျိုးရှိကြောင်းဆိုသည်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့မှ သူတို့ကိုယ်တိုင်ဦးဆောင်ဖွင့်လှစ်သည့်အတွက် ကျောင်းနေအရွယ် ကလေးသူငယ်များအပါ လူငယ်၏ အကျင့်စာရိတ္တကို ပိုမိုပျက်ပြားနေစေကြောင်းတွေ့မြင်နေရသည်။ ၎င်းဖြစ်စဉ်ကိုဖွင့်ပြောတိုင်ကြားပါက တိုင်ကြားသူသည်သာ အရေးယူခံရတာကြောင့် မည်သူမျှ မပြောရဲ မဆိုရဲ ကြပေ။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နမ့်စန်မြို့နယ်တွင် ဒုစရိုက်လုပ်ရပ်ဖြစ်သည့် လောင်းကစားဝိုင်းများမှာ လေးကောင်ဂျင်၊ ငါးပစ်ဂိမ်းစသည့်လူကိုပျက်စီးစေသောအရာများကို ဒေသတွင်း လူကြီးလူငယ်၊ အမျိုးသမီး၊ အမျိုးသား အရွယ်မျိုးစုံ ဝင်ရောက်ကစားကြပြီး အသက်မပြည့်သည့် ကလေးသူငယ်အထိ လာရောက်ကစား လာကြသည်ဟု ဒေသခံများ ထံသိရသည်။ လောင်းကစားအမျိုးအစား (၂၀)လောက်ထိ ထည့်သွင်းဖွင့်လှစ် ပေးနေပြီး အမျိုးသမီးနှင့် အသက်(၁၀)နှစ် ကျော် ကလေးများ အပါ စိတ်ဝင်တစားလာရောက် ဆော့ကစားနေ သည်ကိုတွေ့မြင်ရသည်။
လောင်းကစားဝိုင်းအတွင်း အမျိုးသား၊ အမျိုးသမီး အကုန်လုံးလာရောက်ကစားကြသည့်အတွက် အိမ်ထောင်ရေး ပြဿနာများ၊ မိသားစုပြဿနာများပိုမို၍ ဖြစ်ပွားလာနေသည်။ ယင်းလောင်းကစားဝိုင်းကို ပေါ်ပေါ်တင်တင် ဖွင့်လှစ်ပြီး နာမည်ကြီးအနုပညာရှင် အဆိုတော်များကိုဖိတ်ခေါ်ကာညဘက်(၁၀) နာရီ နောက်ပိုင်း၌ မြိုင်မြိုင် ဆိုင်ဆိုင်နှင့် ရှိုးပွဲဘန်းပြလို့ ဖွင့်လှစ်သည်အထိ ဖြစ်လာခဲ့သည်။
“ကျွန်တော်တို့နေထိုင်တဲ့မြို့ပဲ ဒုစရိုက်လုပ်ငန်းတွေ ဒုနဲ့ဒေးပြည့်နက်နေတာကတော့ မကြိုက်ဘူးပေါ့ဗျာ၊ ဒါမယ့် ကျွန်တော်တို့က သူများကိုမှမနိုင်တာ ဌာနဆိုင်ရာသွားတိုင်ရင်လည်း တိုင်တဲ့လူ ကျွန်တော်တို့ပဲ အပြစ်ဖြစ် သွားရောပေါ့ဗျာ၊ အဲ့ကြောင့် မပြောပဲ ငြိမ်နေနေရတာပါ” ဟု မြို့ခံ အမျိုးသားတစ်ဦးကဆိုသည်။
*ပြည့်တန်ဆာအလုပ်ကြောင့်အမျိုးသမီးတချို့ ပျက်စီးခြင်း*
အမျိုးသမီးများတစ်ချို့သည် မိန်းကလေးဣန္ဒြေကို ထိပါးစေသော ပြည့်တန်ဆာအလုပ်ကိုလည်း နမ့်စန်မြို့ အတွင်းသည် မသိမသာ ပိုမို၍ ဆိုးရွားလာနေဟု ဒေသခံများထံ သိရသည်။ ထိုအပြင် နမ့်စန်မြို့ရှိ အမျိုးသမီး တချို့သည်ပြည့်တန်ဆာအလုပ်ပြုလုပ်ရင်း ဘီယာဘားစသည့်နေရာတချို့တွင် မူးဆေးဝါးသုံးစွဲလာသည် အထိ ဖြစ်ပွားနေသည်ဟု ဆိုသည်။
နမ့်စန်မြို့အတွင်းသည် ဒေသတွင်း အမျိုးသမီးများအပြင် တခြားနယ်ဖြစ်သော အမျိုးသမီးတချို့ကလည်း လာရောက်၍ ပြည့်တန်ဆာအလုပ် လာလုပ်မှုရှိကြောင်း သိရသည်။
“ဒီကအလုပ်လုပ်ချင်တဲ့ အမျိုးသမီးတွေဆို တချို့ကမြဝတီနှင့် ရွှေကုက္ကိုလ်တို့ဘက်မှာ အပို့ခံရတယ်၊ ဟိုမှာလည်း လောင်းကစားတွေအသွင်ကျယ်တယ်လို့ကြားမိတယ် အမျိုးသမီးကိုယ့်ကိုယ်ရောင်းစားတာတွေရော ကြားမိ တယ်၊ အဲ့နဲ့ လေးငါးနှစ်ကြာတော့မှ ဒီနမ့်စန်ကိုပြန်လာရတယ်၊ အဲ့မှာ တခြားနယ်က အမျိုးသမီးတချို့ လည်း ပါလာတယ်၊ အဲ့ဒီအမျိုးသမီး အုပ်စုက ညဘက်ဆို လက်နက်ကိုင်တွေက ကားနဲ့ကြိုပြီး ဟိုတယ်ကိုပို့ပေးတာ” ဟု အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးကပြောဆိုသည်။
၎င်း အမျိုးသမီးတို့သည် လက်နက်ကိုင်ပြည်သူ့စစ်မှ ငှားရမ်းထားပြီး ပြည့်တန်ဆာအလုပ်ဖြင့် တစ်ဘက်တစ် လမ်း စီးပွားရေးလုပ်နေကြောင်းသိရသည်။ ထိုအမျိုးသမီးတို့သည် ပြည့်တန်ဆာလုပ်ရင်း မူးယစ်ဆေးပါ သုံးစွဲ လာကြလေသည်။ တချို့အမျိုးသမီးသည် လက်နက်ကိုင် လက်အောက်တွင် လုပ်စားခြင်း မဟုတ်ပဲ မိမိကိုယ် မိမိဝမ်းစာအတွက် ရှာဖွေရင်း ပြည့်တန်ဆာ အလုပ်ဖြင့် ငွေရှာနေကြကြောင်းဆိုသည်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များပိုင်သည့် ဟိုတယ်များတွင် အမျိုးသမီးပါ ရောင်းချနေချင်းက တရားဝင်မဟုတ်သော်လည်း ဒေသတွင်းရှိ ရဲများ စစ်သားများနှင့်ညှိနှိုင်းပြီး ကော်မရှင်စားခြင်း ပြုလုပ်နေ ကြောင်းစုံစမ်းသိရှိရသည်။
“အမျိုးသမီး အချင်းချင်းမို့ ကိုယ်ချင်းစာမိတယ်၊ ကျွန်မသူငယ်ချင်းလည်း အဲ့လိုဖြစ်တော့ သတိပေးချင်တယ် ရပ်တန့်စေချင်တယ် ခက်တာက သူဆေးပါသုံးစွဲနေတော့ ညညသူမသွားရရင်မနေနိုင်တဲ့ထိဖြစ်တာတဲ့ သူ့မိဘ ပြောလည်းမရတော့ဘူး၊ သူ့သူငယ်ချင်းဖြစ်တဲ့ ကျွန်မလည်း စိတ်မကောင်းဘူး၊ တခြားမိန်းကလေးတွေလည်း အဲ့လိုအလုပ်ကို မလုပ်စေချင်ဘူး” ဟုနမ့်ခံအမျိုးသမီးတစ်ဦးက ရင်ဖွင့်ပြောဆိုသည်။
**မူးယစ်ဆေးဝါးကြောင့် ပျက်စီးခြင်း**
နမ့်စန်မြို့ အတွင်းသည် မူးယစ်ဆေး အလွယ်တကူရနေသည့်အတွက်ကြောင့်လည်းကောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများကနေမှ စီးဆင်းနေခြင်း ပြန်လည်ရောင်းချ ဖြန့်ဖြူးနေခြင်းကြောင့် ဒေသခံအများစုတွင် လူကြီး အပြင် လူလတ်ပိုင်း လူငယ်များ အမျိုးသမီးများတို့အပါ မူးယစ်ဆေးကို သုံးစွဲနေကြသည်။
မူးယစ်ဆေးဝါးဆိုသည်မှာစိတ်ကိုရူးသွတ်စေတတ်သော ဘိန်းဖြူ၊ ဘိန်းမဲး၊ WYခေါ်ယာမ၊ ဒေသအခေါ် ဖြူးမှုန့် စသည်ဖြစ်ကြောင်း ဆေးများကိုဝယ်ယူရာ၌ လွယ်ကူစွာဝယ်ယူနိုင်ကြောင်း ဒေသခံပြောဆိုချက် အရသိရသည်။ ယင်းမူးယစ်ဆေးသုံးစွဲခြင်း၏ အကျိုးဆက် ဆိုးကျိုးများဟာ အိမ်ခြံမြေပေါင်စား ရောင်းစားခြင်း၊ သားသမီးကို ရောင်စားခြင်းစသည့် အဖြစ်ဆိုးဟာ နမ့်စန်မြို့မှာ ဖြစ်ပွားနေကြောင်းသိရသည်။
ထိုအပြင် ဇနီးသည် ဖြစ်သူကို သားအဖနှင့်ရော ဆေးသမားအပေါင်းပါများ အပါအဝင် စုပေါင်းဝိုင်း မုဒိမ်းကျင့် ခြင်းကြောင့် ဇနီးသည်ဖြစ်သူသေဆုံးရသည့် လူမဆန်စွာယုတ်ညံ့သော အဖြစ်ဆိုးလုပ်ရပ်များလည်း ဖြစ်ပွားခဲ့ဖူး ကြောင်းသိရသည်။
“အဲ့ယောက်ျားကဆေးစွဲသမား သူ့သားကအစတော့ ဆေးမသုံးဘူး ကြာလာမှ ဆေးမသုံးဖို့သူ့အဖေကတားတယ် တားမရတော့ နောက်ဆုံးဆေးအတူသုံးတာ သားအဖက အိမ်မှာရှိတဲ့သူ့အမျိုးသမီးကို သူဆေးရင်းထနေတဲ့ အချိန် သူ့သူငယ်ချင်းက သူ့ရှေ့မှာတင် မုဒိမ်းကျင့်တာ၊နောက်ရက်တော့ သူ့သားရောသူကိုယ်တိုင်ရော ဝိုင်းပြီးမုဒိမ်း ကျင့်တာ အဲ့လိုနေ့တိုင်းပဲ သူ့မိန်းမကအဲ့လိုပြုကျင့်ခံရတော့ ကြာကျန်းမာရေးချွတ်ယွင်းလာတယ်၊ လေးလမကြာ ဘူး ဆုံးသွားတယ်၊ ဆုံးသွားတော့ သူတို့သယ်ပြီး နမ့်လတ်ချောင်းနားမှာသွားပစ်ခဲ့တယ်” ဟု အဖြစ်ပျက် သိသူမြို့ခံတစ်ဦးကပြောသည်။
၎င်းသေဆုံးသွားသည့် အမျိုးသမီး၏ ရုပ်အလောင်းကို နွားကျောင်းသည့် ရပ်ကွက်ခံအမျိုးသားတစ်ဦးမြင်တွေ့ရာ သက်ဆိုင်ရာတာဝန်ရှိဌာနကို တိုင်ပြီး တာဝန်ရှိသူမှ အမျိုးသားဖြစ်သူကို စစ်ဆေးမေးမြန်းရာ မိမိဇနီးသည် သည် လမ်းလျောက်ရင်း အမောဖောက်လို့ သေဆုံးကြောင်းသာပြောဆိုခဲ့သည်ဟု ၎င်းကဆက်ပြောသည်။
နမ့်စန်ဒေသအတွင်း၌ မူးယစ်ဆေးဝါးပေါ်များလာသည်နှင့်အမျှ သူ၏ နောက်ဆက်တွဲဆိုးကျိုးကြောင့် ဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများလည်း ပိုမို၍ နေရာတိုင်းလိုလိုဖြစ်ပွားနေကြောင်းသိရသည်။
နမ့်စန်ဒေသတွင်း ကျေးရွာရှိ အမျိုးသားတစ်ဦးကလည်း “ ဆေးသုံးစွဲမှုကြောင့် ရန်ဖြစ်ခြင်း အိမ်ထောင်ကွဲခြင်း လယ်ယာမြေရောင်းစားခြင်း နေအိမ်ပေါင်စားခြင်း တာမျိုးတွေ့မြင်နေရတယ်၊ တချို့လူငယ်တွေလည်း လူကြီး စတိုင်ဖမ်းပြီး အပေါင်းအသင်းကြောင့် ပျက်စီးလာကြတယ် ဒီနောက်ပိုင်းပေါ့မြင်ရတယ်၊ ဆေးသမားဆိုရင် ကျေးရွာထဲ သူများပစ္စည်းခိုးယူမှုတွေလည်းရှိတယ်၊ မည်သူမှ လေးလေးနက်နက် အရေးယူပေးတာ သိပ်မရှိဘူး” ဟုပြောသည်။
နမ့်စန်ဒေသခံပြည်သူများအတွက် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး အသိပညာပေးဟောပြောပွဲများ သင်တန်းများ စသည် လူကြီးလူငယ်များ မူးယစ်ဆေးဝါး၏ ဆိုးကျိုးကို သိရှိနားလည်လာအောင် လုပ်ဆောင်ပေးမည့်သူကို မျော်လင့်နေကြသည်။
နေချင်စဖွယ်ဖြစ်သော နမ့်စန်မြို့သည် လောင်းကစားဝိုင်းကြောင့်ပျက်စီးခြင်း မူးယစ်ဆေးကြောင့်ပျက်စီးခြင်း ပြည့်တန်ဆာအလုပ်ကြောင့် အမျိုးသမီးများပျက်စီးခြင်းတို့အပြင် ယင်းဒုစရိုက်လုပ်ငန်းများတို့ကြောင့် လူငယ်၏ ဘဝပျက်စီးနေခြင်းသည် မျိုးဆက်သစ်လူငယ်ကောင်းများပြတ်သုဉ်းသွားမည်ကို စိုးရိမ်ဖွယ်ဖြစ်နေရသည်။
၂၀၂၁ ခု ဖေဖော်ဝါရီ(၁)ရက်နေ့၌ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နမ့်စန်မြို့တွင် ဒုစရိုက်လုပ်ငန်းများ မသိမသာ ပိုမို၍ တွင်တွင်ကျယ်ကျယ် ဖြစ်ပွားလာနေခြင်းသည် မြို့၏ နောင်ရေး ဝေဝါးခြင်းဖြစ်လာခဲ့ရသည်။ ဒေသတွင်းရှိပြည်သူများ၏ ဘဝသည်လည်း မကောင်းသော ဒုစရိုက်နွံထဲတွင် နေသားကျရန်နေထိုင်နေရပြီး ပြည့်စုံမှုအလွန်မှာ ရင်လေးဖွယ်ရာမြို့လေးဖြစ်သလို လေမတိုက်သော်လည်း တဖြေးဖြေးခြင်းဖြင့် ယိုင်းလဲ ပျက်စီးလာဖွယ်ရှိနေလေသည်။
BY K. မွန်း(သျှမ်းပြည်)

Leave a Reply

Your email address will not be published. Required fields are marked *