ခမ်းသားငေါဝ်း
သြဂုတ် ၂၈၊ ၂၀၂၃
ယခုနှစ်ရာသီထွက် ပြောင်းသီးနှံများ စျေးကောင်းရသော်လည်း သွင်းအားစုစျေး​မြင့်မားသောကြောင့် ပြောင်းစိုက်ပျိုးတောင်သူများ တွက်ခြေမကိုက်ကြောင်း ဩဂုတ်လ ၂၈ ရက်နေ့တွင် သိရသည်။
ထို့အပြင်ဒေသတွင်း စစ်ရေးအခြေအနေကြောင့် ပြောင်း စိုက်ပျိုးမှုနည်းပါးလာပြီး ပြောင်းစိုက်ပျိုးသူ ၃ ပုံ ၁ ပုံခန့်သာကျန်ရှိကြောင်း ဖယ်ခုံမြို့နယ်ပြောင်းစိုက်ပျိုးဒေသခံတစ်ဦးက ဆိုပါသည်။
” စစ်ရေးအခြေအနေမကောင်းတော့ စိုက်ပျိုးသူမရှိတော့ဘူး၊ကြောက်ရတယ်လေ၊ စိုက်ပြီးရင်လည်းစိုက်ခင်းအတွင်းမိုင်းတွေဘာတွေလည်း ကြောက်ရတယ်၊စစ်ကြောင်းနဲ့တွေ့မှာလည်း စိုးရိမ်ရတယ်၊ မျိုးစေ့ထုတ်စျေးကလည်း စျေးကြီးတယ် မဝယ်နိုင်ဘူး၊ တော်တော်များများတော့ မစိုက်ဖြစ်ကြတော့ဘူး” ဟုဖယ်ခုံမြို့နယ်ရှိပြောင်းစိုက်ပျိုးတောင်သူ တစ်ဦးက ဆိုပါသည်။
ယခင်နှစ် ပြောင်းအစိုစျေး ၅၀၀/၆၀၀ကျပ်၊ ပြောင်းခြောက်စျေး ၁၀၀၀ ကျပ်ရှိသော်လည်း ယခုနှစ်တွင် ပြောင်းအစိုစျေး ၈၀၀/၈၅၀ ကျပ်၊အခြောက်စျေး ၁၁၀၀ ကျပ်ရှိနေကြောင်း ပြောင်းအရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။
“ကျနော်တို့လည်းအလုပ်သမားခ၊ ကားခ၊အခြားအသုံးစရိတ်နဲ့ဆိုမကျန်တော့ဘူး၊ ဆီစျေးကလည်းတက်နေတာကိုး” ဟုပြောင်းဝယ်ရောင်းသူတစ်ဦးက ပြောသည်။
ပြောင်းသီးနှံများသည် ၆လကြာချိန်တွင် စျေးကွက်သို့တင်ပို့ရောင်းချနိုင်သော်လည်း မျိုးစေ့ထုတ်စျေးကြီးပြီး စိုက်ခင်းအတွင်းထည့်ရသည့် သွင်းအားစုများအတွက်လည်း စျေးအဆမတန်ရှိနေသောကြောင့် ပြောင်းစိုက်ပျိုးသူမျာအရှုံးပေါ်လျက်ရှိနေကြောင်း ၎င်းကဆက်လက်ပြောသည်။
အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း ဒေါ်လာစျေးအဆမတန်တက်လာပြီး မြန်မာငွေတန်ဖိုးကျ ဆင်းလာမှုကြောင့် ကုန်စျေးနှုန်းများမြင့်တက်လာကာ ပြောင်းစိုက်ပျိုးတောင်သူများက အရဲစွန့်စိုက်ပျိုးရသော်လည်း ကုန်ကျစရိတ်များလွန်းသောကြောင့် တွက်ချေမကိုက်ဘဲအရှုံးပေါ်လျက်ရှိကြောင်း သိရသည်။
# PPV 010

Leave a Reply

Your email address will not be published. Required fields are marked *