ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၊၂၀၂၃
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွင် EAO ၏အခန်းဏ္ဍလက်တွေ့ကျကျပါဝင်နိုင်ရေး နှင့် လာမည့်အောက်တိုဘာလတွင် ကျရောက်မည့် NCA (၈) နှစ်ပြည့်အခမ်းအနားကို အဓိပ္ပါယ်ပြည့်ဝစွာကျင်းပနိုင်ရေး အချက်များအား ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ-NSPNC နှင့် EAO (၅)ဖွဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲအား နေပြည်တော်တွင် ဩဂုတ်လ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိတွေ့ဆုံဆွေးနွေးခဲ့ပြီး အချက်(၅)ချက်အား အဓိကထားဆွေးနွေးခဲ့ကြောင်း သိရသည်။
” သူတို့ဖက်က ၄ ချက်ဆွေးနွေးတယ်၊ ၂၀၀၈
ဥပဒေတွင်ပြင်ဆင်လိုသည့်ပုဒ်မတွေ၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကိစ္စ၊ EAOဒေသမှာ လူသားချင်းစာနာထောက်ထားမှု အကူညီပေးအပ်ဖို့တွေဆွေးနွေးပြီး ကျနော်တို့ဖက်ကတော့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာမှာ EAOရဲ့အခန်းဏ္ဍလက်တွေ့ကျကျပါဝင်နိုင်ဖို့၊ EAOရဲ့အခန်းဏ္ဍမြှင့်တင်နိုင်ဖို့၊ EAOအချင်းချင်းကြား တွေ့ဆုံဆွေးနွေး ခွင့် ရရှိဖို့ ဆွေးနွေးခဲ့ကြတယ်”ဟု ဆွေးနွေးပွဲ တက်ရောက်သည့် PNLO အဖွဲ့မှ ဗိုလ်မှူးမင်းသိန်းက ခမ်းသားငေါဝ်းကို ပြောသည်။
တွေ့ဆုံမှုတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ လားဟူဒီမိုကရင်တစ်အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
လာမည့် အောက်တိုဘာလတွင် ကျရောက်မည့် NCA (၈)နှစ်ပြည့်အထိန်းအမှတ်အဖြစ် NCA ရဲ့ အနှစ်သာရကိုပြည့်ဝစွာဖော်ဆောင်နိုင်ဖို့မျှော်မှန်းထားကြောင်း ၎င်းက ဆက်ပြောပါသည်။
” နိုင်ငံတစ်ဝန်းပဋိပက္ခလျှော့ချရေးတွေ၊ လက်ရှိဖြစ်နေတဲ့တိုက်ပွဲအဟုန်တွေလျော့ကျပြီး ငြိမ်းချမ်းရေး ရရှိစေဖို့ပေါ့နော်၊ နောက်တစ်ခု NCA မှာပါရှိတဲ့ အနှစ်သာရကိုပြည့်ဝစွာဖော်ဆောင်နိုင်မယ် ရည်ရွယ်ချက်တွေ ပေါ့လေ”ဟု PNLO မှ ဗိုလ်မှူးမင်းသိန်းက ပြောဆိုခဲ့သည်။
NCA တရားဝင်တည်ရှိနေခြင်းသည် NCA ၏ အနှစ်သာရ (၃)ချက်ကို လက်တွေ့ကျကျအကောင် အထည်ဖော်ရန် လိုအပ်ခြင်း၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တပေါင်းတစည်းဆွေးနွေးနိုင်ရေးအချက်များ အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုအကြိမ် NSPNC နှင့်NCA-S-EAOs တို့ဆွေးနွေးမှုတွင် မွန်ပြည်သစ်ပါတီ (NMSP)နှင့်ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ပါဝင်တက်‌ရောက်ခြင်းမရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *