ခမ်းသားငေါဝ်း
ဩဂုတ် ၂၉၊၂၀၂၃
တောင်ကြီးမြို့တွင် ကလေးငယ်များသွေးလွန် တုပ်ကွေးအဖြစ်များနေပြီး လပိုင်းအရွယ်ကလေးများပါ ကူးစက်ဖြစ်ပွားမှုရှိနေကြောင်း ဩဂုတ်လ ၂၉ ရက်နေ့တွင် သိရသည်။
ယခုကာလတွင် လပိုင်းအရွယ်ကလေးများ ဖြစ်ပွားမှုများရှိနေပြီး ဆေးခန်းတွင် ကုသရန်အခန်များ မလောက်ကြောင်း သိရှိရသည်။
” ၁၅ နှစ်အောက်ကလေးတွေမှာ အဖြစ်များတာတွေ့ရတယ်၊ အခုက လပိုင်းအရွယ်ကလေးတွေမှာပါ ဖြစ်တယ်၊ ကလေးက လပိုင်းအရွယ်ဆိုရင် ပိုဂရုစိုက်ရတယ်၊ လူကြီးတွေလို ခုခံအားမရှိဘူးလေ၊မိဘတွေက ရိုးရိုးဖျားတာဆိုပြီး ဆေးခန်းမပြချင်ကြဘူး၊မသက်သာမှပဲဆေးခန်းလာပြကြတာ၊ ဆေးခန်းတွေမှာဆိုရင်အခန်းတွေတောင်မလောက်ဘူး၊အပြင်ဆောင်မှာပါထားပြီး ကုသနေကြရတာ၊ရိုးရိုးဖြစ်ဖြစ် သွေးလွန်တုပ်ကွေးဖြစ်ဖြစ် မပေါ့သင့်ဘူး”ဟု ကျန်းမာရေးတစ်ဦးက ဆိုပါသည်။
သွေးလွန်တုတ်ကွေးသည် အေးဒီးစ်ခေါ် (ခြင်
ကျား)ကိုက်ရာမှ တစ်ဆင့်ကူးစက်တတ်သောရောဂါတစ်မျိုးဖြစ်ပြီး ပြင်းထန်ပါက အသက်ပါသေနိုင်တာကြောင့် သတိပြုဖို့လိုကြောင်း ၎င်းကဆက်လက်ဆိုပါသည်။
သွေးလွန်တုပ်ကွေးရောဂါကုသနေသည့် ကလေးငယ်၏ မိဘဖြစ်သူတစ်ဦးကလည်း” ကလေးက အစပိုင်း အဖျားနည်းနည်းလေးရှိတယ်၊ လက္ခဏာလည်းမပြဘူး၊ ကလေးကလည်းလပိုင်းပဲ ရှိသေးတယ်၊ ဆေးရုံပြကြည့်တော့မှ သွေးလွန်တုပ်ကွေးဖြစ်မှန်းသိရတယ်၊ မိဘတိုင်းမပေါ့ကြဖို့လိုတယ်” ဟုဆိုပါသည်။
သွေးလွန်တုပ်ကွေးရောဂါလက္ခဏာသည် ပုံမှန်တုပ်ကွေးနှင့်ဆင်တူပြီး နှာခေါင်းသွေးယိုခြင်း၊အနီစက်ထွက်လာခြင်း၊ အညိုရောင်/ကော်ဖီရောင်အန်ခြင်း၊ဝမ်းမဲသွားခြင်း၊ခြေကုန်လက်ပန်းကျခြင်းနှင့် အသက်ရှုရခက်ခြင်းများရှိလာပါက ပြင်းထန်သည့်လက္ခဏာဟုဆိုနိုင်ပြီး နီးစပ်ရာဆေးခန်းသို့ ပြသင့်ကြောင်း ကျန်းမားရေးဝန်ထမ်းတစ်ဦးက အကြုံပြုထားသည်။
သွေးလွန်တုပ်ကွေးဖြစ်ပွားမှုကို လျော့ကျလာစေရန် လူနေထူထပ်သည့်နေရာများရှောင်ရှားခြင်း၊ အိပ်စက်ချိန်ခြင်ထောင်ဖြင့် အိပ်စက်ခြင်း၊ နေအိမ်အတွင်း ခြင်မဝင်အောင်ဂရုစိုက်ခြင်း၊ နေအိမ်ဝန်းကျင် သန့်ရှင်းရေးလုပ်ပေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ခြင်နိုင်ဆေးများအသုံးပြုခြင်းဖြင့် ကာကွယ်နိုင်သည်ဟု ၎င်းက ဆက်ဆိုထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *