ခမ်းသားငေါဝ်း
သြဂုတ် ၂၈၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် အောင်ကလပ်အပေါ်ရွာရှိ စစ်ဘေးရှောင်ပြည်သူများ စားဝတ်နေရေးနှင့် ကျန်းမာရေးအတွက်အခက်အခဲများ ရှိနေသေးကြောင်း ယနေ့ဩဂုတ်လ(၂၈)ရက်နေ့တွင် သိရသည်။
စစ်ရှောင်ကာလကြာလာသည်နှင့်အမျှ စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ ကလေးပညာရေး စသည့်အခက်အခဲများ ယခင်ကထက်ပိုမိုဆိုးရွားလာကြောင်း သိရသည်။
”အခုလောလောဆယ်ဆိုရင် ဆေးဝါးအရမ်းလိုအပ်တယ်။ ဘာလို့ဆို နာတာရှည်ရောဂါသည်တွေ၊ လူကြီးရောဂါတွေ၊ သွေးတိုးရောဂါသည် စတာတွေများတော့ ကုသဖို့ဆေးကလည်းမရှိတော့ အခက် အခဲအရမ်း ဖြစ်တယ်”ဟု အောင်ကလပ်အပေါ်ရွာရောက် စစ်ရှောင်တာဝန်ခံအမျိုးသမီးတစ်ဦးက ပြောသည်။
မိုးရာသီဖြစ်တဲ့အတွက်ကြောင့် စစ်ရှောင်များသည် ခြင်ကိုက်ခြင်းဒဏ်ကို ခံနေရသောကြောင့် တုပ်ကွေး ရောဂါ ဖြစ်ပွားမှုသည်လည်း များနေသေးကြောင်း သိရသည်။
ထို့အပြင် စစ်ရှောင်ကလေးအတွက် ကိုယ်ထူကိုယ် ထ ကျောင်းဖွင့်လှစ်ပေးခြင်းရှိသော်လည်း သင်ထောက်ကူပစ္စည်းများလိုအက်နေကြောင်းသိရသည်။
“အခုကျွန်မတို့က အောင်ကလပ်အပေါ်ရွာမှာ ကိုယ်ထူကိုယ်ထစာသင်ကျောင်းလေး ဖွင့်ထားတော့ ကလေးတွေပညာကောင်းကောင်းသင်ယူနိုင်ဖို့အတွက် သင်ထောက်ကူပစ္စည်းတွေလည်း အများကြီးလိုအပ်တယ် ခဲတံ ဘောပင် ဗလာစာအုပ်ကအစပေါ့” ဟု၎င်းကဆက်ပြောသည်။
ထိုစစ်ရှောင်စခန်းတွင် ကလေးဦးရေ(၇၀)ခန့်ရှိပြီး ၎င်းစာသင်ကျောင်း၌ သင်ထောက်ကူပစ္စည်း၊ ဆရာ/မအင်အားနှင့် သင်ထောက်ကူပစ္စည်းများ လုံလောက်မှုမရှိသေးသောကြောင့် ထိုကျောင်း၌ ကလေးဦးရေ(၃၀)ခန့်သာတက်ရောက်ပြီး မိဘတတ်နိုင်သောကလေးများသည် အခြားသော စာသင်ကျောင်းများထံ ထားရှိကြကြောင်းသိရသည်။
“အခုက စိုက်ပျိုးရေးရာသီဆိုတော့ နေ့စားခေါ်တဲ့သူကနဲနဲပါးပါးရှိလာတဲ့အတွက် စားနပ်ရိက္ခာအတွက်တော့ အဆင်ပြေလာတယ်ဆိုပေမဲ့ လူကအရင်ကထက်ပိုများလာတော့ အများရီးလည်း အဆင်ပြေမနေဘူး။ ပြီးတော့ လွန်ခဲ့တဲ့ ဩဂုတ်လ(၂၆)ရက်ကလည်း ဆီဆိုင်ဘက်ကအလှူရှင်တွေက ဆန်တွေ၊ ဆီတွေ ထပ်လာလှူပေးတော့ အခုရက်ပိုင်းက နဲနဲတော့ခံသာသွားတာပေါ့” ဟု အောင်ကလပ်အပေါ်ရွာရောက် စစ်ရှောင်အမျိုးသမီးတစ်ဦး ကပြောသည်။
ပြီးခဲ့သည့် ဇူလလိုင် လကုန်ခါနီးတွင် ကယား(ကရင် နီ) ပြည်နယ်၊ ကုန်းသာရွာ၊ ပဒါ‌ညေးကျေးရွာ စသည့်ကျေးရွာများအနီးတွင် စစ်ပွဲပြင်းထန်မှုကြောင့် အိမ်ထောင်စု (၂၀)နီးပါး စစ်ရှောင်များထပ်မံရောက်ရှိလာသောကြောင့် ယခုချိန်တွင် စစ်ရှောင်ဦးရေ (၄၀၀)ကျော်ရှိပြီး စစ်ရှောင်အိမ်ထောင်စု (၁၀၀)စုခန့် ရှိပြီဖြစ်ကြောင်းသိရသည်။
ထို့အပြင် စစ်တပ်အာဏာသိမ်းပြီးကတည်းကပင် စစ်ရှောင်တိမ်းရင်းဆောက်လုပ်ထားသည့် ယာယီတဲအိမ်များသည်လည်း နှစ်ကာလကြာလာသည်နှင့်အမျှ မိုးဒဏ်လေဒဏ်များကြောင့် ပျက်စီးယိုယွင်းခြင်း ရှိလာပြီး စစ်ရှောင်များသည်လည်း ထပ်မံတိုးလာမှုကြောင့် တဲအိမ်များ ဆောက်လုပ်ရန် အမိုးအ ကာများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *