ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၊၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာ၊ ဇီးတဘန်ရွာအတွင်း ယနေ့စက်တင် ဘာလ (၁)ရက်နေ့ နေ့လည် ၂နာရီအချိန်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ချမှုကြောင့် ဒေသခံအမျိုးသား(၂) ဦးသေဆုံးပြီး(၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့စက်တင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းအချိန်တွင် စစ်ကောင်စီတပ် နှင့် တအာင်းအမျိုးသားတပ်မတော် (TNLA) တပ်အကြား တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲငြိမ်သွားသည့် နေ့လည် ၂ နာရီအချိန်တွင် နမ့်ဖက်ကာအခြေစိုက် စစ်ကောင်စီတပ်ရင်း ၁၂၃ အကျော် ကားလမ်းဘေးရှိ ဇီးတဘန်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်းဒေသခံအမျိုးသားတစ်ဦးထံမှ သိရသည်။
“မနက်ကတော့တိုက်ပွဲဖြစ်တာတော့ ကြားတယ်၊နေ့လည်က အခြေနေငြိမ်တယ်၊ အဲ့နဲ့ ရွာခံတွေက ထိုင်နေကြတာ ရုတ်တရက် လက်နက်ကြီးကျပြီး အသက်၃၉အရွယ် ကိုဘောက်လာက ပွဲချင်းပြီး သေဆုံးသွားတယ်၊ နောက် အသက် ၅၀ အရွယ်အမျိုးသားတစ်ဦးသေဆုံးသွားတယ် အမည်တော့မသိရသေးဘူး” ဟု ဇီးတဘန်ရွာအမျိုးသားတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ၂ ဦးအပြင် ထိခိုက်ဒဏ်ရာရရှိသူ(၂)ဦးရှိပြီး ကွတ်ခိုင်ပြည်သူ့ဆေးရုံသို့ ပို့‌ဆောင်ထားကာ ဒူးဒဏ်ရာရရှိထားသည့်အသက် ၂၉ နှစ်အရွယ်ခေါမ်နန်း အမျိုးသမီးသည် လက်ရှိတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
ထိခိုက်သူ(၄)ဦးရှိနေသော်လည်း ဆေးရုံကို အသက်ရှင်လျက်တစ်ဦးနှင့် သေဆုံးပြီးအမျိုးသားနှစ်ဦးတို့သာရောက်လာပြီး ကျန်သည့်တစ်ဦးမှာ ဆေးရုံရောက်လာခြင်းမရှိသေးကြောင်း ဆေးရုံနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
သြဂုတ်လ နှင့် ယခုစက်တင်ဘာလ ပထမရက်အထိ ရှမ်းမြောက်ဒေသ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှိုး မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် TNLAတပ်တို့အကြား တိုက်ပွဲဖြစ်ပွားမှု ၁၅ကြိမ်ထက်မနည်း ရှိနေပြီး တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူများလည်းရှိနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *