ခမ်းသားငေါဝ်း
ဩဂုတ် ၂၂၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် အခြေခံစားသောက်ကုန်များ စျေးနှုန်းမြှင့်တက်လာမှုကြောင့် ရုံးဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းများ အခက်အခဲကြုံတွေ့လာရကြောင်း စုံစမ်းသိရှိရသည်၊၊
လက်ရှိအချိန်တွင် ရှမ်းဆန် တစ်ပြည်လျှင် ၄၅၀၀/၅၀၀၀ ကျပ် အထိစျေးတက်နေပြီး စားအုန်းဆီတစ်ပိဿာလျှင် တစ်သောင်းကျော်ရှိနေကြောင်း တောင်ကြီးမြို့ဒေသခံတစ်ဦးထံမှ သိရသည်၊၊
တောင်ကြီးမြို့ပေါ် ယခုကာလတွင် အဆောင်ခများလည်း ဈေးနှုန်းတက်နေပြီး တစ်ဦးလျှင် ကျပ်ငွေ ၅ သောင်းကျော် နှင့် ၆သောင်းကျပ်အထိရှိကာ အဆောင်ဌားနေထိုင်သူများအတွက် ပိုကျပ်တည်းလာရကြောင်း သိရသည်၊၊
“ကုန်စျေးနှုန်းတွေတက်တော့ ဝန်ထမ်းအနေနဲ့ တော်တော်လေးအခက်ခဲဖြစ်လာတယ်။ ရတဲ့လစာကနည်းနည်း စျေးနှုန်းကလည်းအရမ်းကြီးတယ်။ အရင်ပတ်က ဆန်တစ်ပြည်က ၃၅၀၀/၃၇၀၀ပဲပေါ့နော် အခုက တစ်ပြည်ကို ၄၅၀၀/၅၀၀၀ အထိရှိနေပြီ ဆီဆိုရင်လည်း ၁.၈ လီတာတစ်ဗူးကို တစ်သောင်းရှိနေပြီ အချို့ဆိုင်က တစ်သောင်းကျော်ရှိတယ်။ အဲဒါကြောင့် ပိုပြီးအခက်ခဲဖြစ်စေတယ်”ဟု တောင်ကြီးမြို့ပေါ် အစိုးရဝန်ထမ်းတစ်ဦးမှ ပြောသည်၊၊
ယခုအခါ ငွေကြေးဖောင်းပွလာမှုကြောင့် ကုန်စျေးနှုန်း ကြီးမားရပြီး အစိုးရဝန်ထမ်းတစ်ဦးအနေဖြင့် လစာတိုးပေးခြင်းမရှိ၍ လက်ရှိတွင်အသုံးစာရိတ်များကို ချွေတာနေရကြောင်း သိရသည်၊၊
“ဒီရတဲ့လစာနဲ့ အသုံးစရိတ်က တစ်ယောက်ထဲအတွက်ဆိုရင်တော့ လုံလောက်ရုံလောက်ပဲပေါ့နော် ကိုယ့်ရဲ့အိမ်ကမိသားစုနဲ့ဆိုရင်တော့ ဘယ်လိုမှအဆင်မပြေနိုင်တော့ဘူး။ မပံ့ပိုးနိုင်တော့ဘူး။ မိသားစုတစ်စုမှာ ဆန်နှင့်ဆီဝယ်လိုက်ပြီဆိုရင် အခြားအသုံးစရိတ်အတွက်က မကျန်တော့ဘူး။ ကျန်းမာရေးအတွက်ပါဆိုရင်ပိုဆိုးတာပေါ့နော်”ဟု ၎င်းက ဆက်ပြောသည်၊၊
လက်ရှိတွင် ရွှေဘိုပေါ်ဆန်းမွှေး ၂၄ပြည်ပါတစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်၊ ရွှေအပ် ၂၄ပြည်ပါတစ်အိတ်လျှင် ၁ သိန်းကျော်အထိစျေးရှိနေပြီး စားအုန်းဆီတစ်ပိဿာလျှင် ၁၂၀၀၀ ကျပ် နှင့်အခြားကုန်စျေးနှုန်းများလည်း ဆက်တိုက်မြှင့်တက်နေကြောင်း သိရသည်၊၊
တောင်ကြီးမြို့တွင်း ရုံးဝန်ထမ်းတစ်ဦးကလည်း “အရင်ကရတဲ့လစာ ၃သိန်းကို များနေပြီလို့ထင်ခဲ့တယ်အခုဆိုရင် ဆန်၊ဆီ၊ဆား ကုန်စျေးနှုန်းတွေ စျေးတက်တော့ လောက်လောက်ငှငှမရှိတော့ဘူး ချွေတာပြီး သုံးနေရတယ်။ ရှေ့ရေးအတွက်လမ်းစပျောက်သလို ခံစားရတယ်”ဟု ခမ်းသားငေါဝ်းကိုပြောသည်၊၊
“ကုန်စျေးနှုန်းက တဖြည်းဖြည်းနဲ့တက်လာတယ် ဒီလုပ်ခလစာက ဒီတိုင်းကဒီတိုင်းပဲ အိမ်ကိုမထောက်ပံ့ပေးနိုင်တော့ဘူး။ မိသားစုပိုင်းမှာပဋိပက္ခဖြစ်လာတယ် အလုပ်လုပ်နေပြီးတော့ အိမ်က မိဘတွေကိုမထောက်ပံ့ပေးနိုင်ဘူး ဆိုပြီးတော့ပေါ့။ ကုန်စျေးနှုန်းတွေ တက်လာတာကြောင့် အဘက်ဘက်က အခက်ခဲကိုယ်စီရှိလာရတယ်။”ဟု နယ်မှ တောင်ကြီးမြို့ပေါ်တွင် အလုပ်လုပ်နေသူ တစ်ဦးကပြောသည်၊၊
ယခုကဲ့သို့ ကုန်စျေးနှုန်းမြှင့်တက်လာမှုကြောင့် ဆိုင်ဝန်ထမ်း၊ ကုမ္ပဏီရုံးဝန်ထမ်းနှင့် အစိုးရဝန်ထမ်းများကအစ နေ့စားအလုပ်သမားများအဆုံး လုပ်ခလစာဝင်‌ငွေနည်းပြီး ကုန်ဈေးနှုန်းအဆမတန်မြင့်တက်သည့်အတွက် ပြည်သူလူထုကြား မိသားစုတိုင်း စားဝတ်နေရေးအခက်အခဲရင်ဆိုင်လာရကြောင်း သိရသည်၊၊

Leave a Reply

Your email address will not be published. Required fields are marked *