ခမ်းသားငေါဝ်း
ဩဂုတ် ၂၄၊၂၀၂၃
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ရှမ်းပြည် နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ၊ စိတ်ပြောင်းဆေးဝါး (Happy Water)များ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်အတွင်း ဩဂုတ်လ(၂၃)ရက်နေ့ ညနေ(၄)နာရီ အချိန်တွင် အားဘိုမောင်းနှင်လာသည့် မော်‌တော်ဆိုင်ကယ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်အတွင်း၌ ဒေသကာလပေါက်ဈေးသိန်း (၇၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၀၀၀၀)ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးသိမ်းဆည်းရမိကြောင်းသိရသည်။
အလားတူ ထိုနေ့ည(၇)နာရီခွဲအချိန် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်သို့ ဇော်ထက်‌မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် မျိုးဇာနည်မောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။
ထိုသို့စစ်ဆေးရာ၌ ၎င်းတို့၏ဆိုင်ကယ်အတွင်း ဒေသကာလပေါက်ဈေး ကျပ်သိန်း(၁၃၇၅)တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) အလေးချိန် ၁.၂၅ ကီလိုနှင့် လက်ကိုင်ဖုန်းနှစ်လုံး ထပ်မံသိမ်းဆည်းရမိကြောင်း သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်၊ ကျီးအစ်ကျေးရွာအနီး၊ အမှတ်(၆)ကျေးရွာသွားလမ်း၌ ဩဂုတ်လ(၂၃)ရက်နေ့၊ ညနေ(၆)နာရီခွဲအချိန်တွင် လမ်းလျှောက်လာသည့် နေမျိုး(ခ)ဦးမျိုးအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးရာ ၎င်းလွယ်ထားသော ဘေးလွယ်အိတ်အတွင်း ဒေသကာလပေါက်ဈေးသိန်း (၅၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံး သိမ်းဆည်းရမိကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် တာချီလိတ်မြို့မှ အသက်(၁၉)နှစ်ရှိ အားဘို၊ (၂၃)နှစ် ဇော်ထက်၊ (၂၆)နှစ် မျိုးဇာနည်မောင် နှင့် နမ့်စန်မြို့နယ်မှ အသက်(၅၄)နှစ် နေမျိုး(ခ)ဦးမျိုးကို သက်ဆိုင်ရာမြို့နယ်ရဲစခန်းများတွင် မူးယစ်ဆေးဝါးဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များကို ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *