ခမ်းသားငေါဝ်း
ဩဂုတ် ၂၄၊၂၀၂၃
ပအိုဝ်းလူမျိုး နှင့် ပအိုဝ်းလူငယ်များအတွက် စံပြပုဂ္ဂိုလ်အဖြစ် တင်စားထိုက်သည့် ပအိုဝ်းသမိုင်းသုတေသနပြုစုရေးသားသူ ဖြားခွန်မောင်တုတ် သည် ၂၀၂၃ ခုနှစ် သြဂုတ်လ၂၃ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်တွင် ကွယ်လွန်သွားခဲ့ကြောင်းသိရသည်။
အသက်(၈၀)ကျော် ဖြားခွန်မောင်တုတ်သည်ကျောက်တလုံးကြီးမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ ထီရီးယံတန်ရွာတွင် မွေးဖွားခဲ့ပြီး ယခုအခါ တောင်ကြီးမြို့၊ ကုန်သည်လမ်း၊ ဈေးပိုင်းရပ်တွင် နေထိုင်ကာ ပအိုဝ်းအမျိုးသားအရေးကို ငယ်စဥ်အရွယ်ကတည်းကပင် အလေးထားလှုပ်ရှားဆောင်ရွက်လာခဲ့သည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း သိရသည်။
“အဘက အသက်(၈၁)ထဲ ရောက်နေပါပြီ ကျောက်ကပ်အခံရောဂါလည်းရှိတော့ မနေ့က ညနေပိုင်းမှာ ဆုံးသွားတယ်၊သမီးတစ်ယောက်အနေနဲ့ကတော့ စိတ်မချမ်းသာဘူးပေါ့။ အဘက သားသမီး မြေးမြစ်အပေါ် တာဝန်ကျေပွန်းလွန်းပါတယ်၊အခုအဘဆုံးသွားတာကို ပြောမပြတတ်လောက်အောင် စိတ်ထိခိုက်ရပါတယ်”ဟု သမီးဖြစ်သူ ဒေါ်ဘုတ်ဆုံက ခမ်းသားငဝ်းကို ပြောသည်။
ဖြားခွန်မောင်တုတ်သည် ၁၉၆၀ ခုနှစ်မှ ၁၉၇၀ ခုနှစ် အထိ မိုင်းယဥ်မြို့ မြို့နယ်ဦးစီးမှူး တိရိစ္ဆာန်ဆေးကုသရေးနှင့် မွေးမြူရေးဦးစီးဌာန။ ၁၉၇၁ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ဆီဆိုင်မြို့ မြို့နယ်ဦးစီးမှူး တိရိစ္ဆာန်ဆေးကုသရေးနှင့် မွေးမြူရေးဌာ။ ၁၉၇၄ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ ဆီဆိုင်မြို့ ပြည်သူ့ကောင်စီအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ။ ၁၉၈၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး။ ၂၀၁၀ ခုနှစ်မှ ယခုနှစ်၂၀၂၃ ခုနှစ် ကွယ်လွန်သွားသည်ထိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ၊ နာယက တာဝန်ကိုထမ်းဆောင်ခဲ့ကြောင်းသိရသည်။
ထိုအပြင် ဖြားတန်ဦးအောင်ခမ်းထီ၏ နိုင်ငံရေးခရီးအမည်ရှိ စာအုပ်ကိုစုစည်းရေးသားခဲ့ပြီး မကွယ်လွန်ခင်အချိန်အထိတွင် ပအိုဝ်းအမျိုးသားရေးကို ဦးဆောင်ခဲ့သည့် ဖြားဗွာဦးခွန်လှဖေ၏ နိုင်ငံရေးသမိုင်းကြောင်းများကိုလည်း စုစည်းရေးသားနေဆဲတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
ဖြားခွန်မောင်တုတ်သည် ပအိုဝ်းနိုင်ငံရေးသမိုင်းအကြောင်းနှင့် ပအိုဝ်းအာဇာနည်ခေါင်းဆောင်ကြီးများအကြောင်းကို ရှေ့မှီနောက်မှီထဲထဲဝင်ဝင်သိရှိထားပြီး ဘာမှမျော်ကိုးမှုမရှိပဲ ဖြားတန်ဦးအောင်ခမ်းထီ ဆောင်ရွက်သည့် လူမျိုးရေး နိုင်ငံရေးကိုအောင်မြင်ပြီးမြောက်အောင် ပံ့ပိုး‌ပေးနိုင်ခဲ့သလို လူငယ်များကိုလည်း နိုင်ငံရေးအမြင် လူမျိုးရေးအသိပညာများ အမြဲသတိပေး ညွန်ကြားပေးခဲ့သူဖြစ်ကြောင်း သိရသည်။
“အဘရေးထားတဲ့စာအုပ်တွေက ဖြားအောင်ခမ်းထီ၏ နိုင်ငံရေးခရီးတော့ပြီးပြီ၊ အခုဆက်ရေးထားတဲ့ ဖြားဗွာဦးလှဖေ၏ အကြောင်းက မပြီးသေးဘူး စာအုပ်နာမည်လည်းမပေးရသေးဘူး၊”ဟု သမီးဖြစ်သူက ပြောဆိုသည်။
သြစတေးလျားနိုင်ငံရောက် ပအိုဝ်းလူငယ်ခွန်ခမ်းကောင်ကလည်း” ဦးလေးတုတ်ကွယ်လွန်သွားတဲ့ ကိစ္စက ကျွန်တော်တို့ ပအိုဝ်းလူမျိုးအတွက်ဖြစ်ဖြစ် ပအိုဝ်းလူငယ်အတွက်ဖြစ်ဖြစ်ပေါ့ ဆုံးရှုံးမှုကြီးတစ်ခုဖြစ်တယ်၊ ကျွန်တော်သိသလောက်ဆို ဦးလေးတုတ်က ပအိုဝ်းလူမျိုးအတွက် သမိုင်းဆိုင်ရာ အချက်အလက်တို့ စုစည်းပြုစုပေးတာတင်မက ထုတ်ဖော်ရေးသားပေးတယ်၊ ဦးလေးတို့လိုလူက ပအိုဝ်းမှာတကယ့်ရှားပါးတဲ့ပုဂ္ဂိုလ်၊ လူငယ်အတွက်စံပြဆိုလည်းမမှားဘူး။ ရှေ့ဆောင်လမ်းပြလည်းဟုတ်တယ်၊သူ့ကို လူငယ်တွေအတုယူသင့်တယ်”ဟုဆိုသည်။
ကွယ်လွန်သွားသည့် ပအိုဝ်းနိုင်ငံရေးသမိုင်းကြောင်းပအိုဝ်းခေါင်းဆောင်ကြီးများအကြောင်း ရေးသားသူ ဖြားခွန်မောင်တုက်၏ ရုပ်အလောင်း ကို လာမည့်သြဂုတ်လ၂၆ ရက် (ဝါခေါင်လဆန်း ၁၀ရက်)စနေနေ့ တွင် မီးသင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *