ခမ်းသားငေါဝ်း
ဩဂုတ်လ၂၅၊၂၀၂၃
ကရင်နီ(ကယား)ပြည်၊ ဒီမော့ဆိုမြို့နယ်၊ ဒေါနိုးကူးစစ်ရှောင်စခန်းတွင် စာသင်ဆောင်လုံလောက်မှုမရှိခြင်းကြောင့် စာသင်ကြားရန်အခက်အခဲရှိနေကြောင်း ဩဂုတ်လ ၂၅ ရက်နေ့တွင်သိရသည်။
စာသင်ဆောင်လုံလောက်မှု မရှိသည့်အတွက် စစ်ရှောင်ကလေးများကို လူနေအိမ်တွင် စသင်ကြားပေးနေရကြောင်းသိရသည်။
” ကျနော်တို့ရွာက အထက်တန်းအထိစာသင်တာဆိုတော့ စာသင်ဆောင်လည်းမရှိဘူးလေ။ သူများနေအိမ်မှာသင်ရတာပေါ့၊ ကျောင်းသား/သူ ၁၆၀ နီးပါးရှိတယ်၊ တစ်အိမ်ထဲမလုံလောက်ဘူး၊ အိမ် ၃ လုံးခွဲပြီး တစ်အိမ်ကို ၅၀ ဦးသင်ကြရတယ်၊ ကျောင်းသား ၅၀ ကိုတစ်အိမ်ထဲ ကြပ်ညှပ်သင်ရတာမျိုး ဆိုတော့ ထိရောက်မှုတော့ နည်းတာပေါ့ဗျာ” ဟုစစ်ရှောင်အရေးကူညီသူတစ်ဦးကပြောသည်။
ယခုလို စစ်ရေးအခြေအနေတင်းမာနေချိန်တွင် ပညာသင်ပေးသည့် စေတနာဝန်ထမ်းများအတွက်လည်း တစ်အိမ်ပြီး တစ်အိမ်ကူးပြောင်းသင်ကြားပေးရာ၌အခက်အခဲများရှိကြောင်း ၎င်းကဆက်ပြောပါသည်။
စစ်ရေးတင်းမာမှု အခြေအနေ ကြာရှည်လာသည်နှင့်အမျှ စစ်ရှောင်သည့်ကလေးပညာရေးလည်းထိခိုက်လာကြောင်းသိရ သည်။
စစ်ရေးအခြေအနေတင်းမာမှုကြောင့် ဖရူဆိုမြို့နယ်အတွင်းရှိ ကိုယ်ထူကိုယ်ထကျောင်း၊ အထက်တန်း နှင့်အလယ်တန်း ၃ ကျောင်း ပိတ်ထားရကြောင်း သိရသည်။