ခမ်းသားငေါဝ်း
ဩဂုတ် ၂၅၊၂၀၂၃
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မီတာခမ‌ပေးဆောင်သည့် အိမ်များကို စစ်ကောင်စီလက်အောက် ခံဝန်ထမ်းများက မီတာဘောက်များ လိုက်ဖြုတ်သိမ်း‌နေကြောင်း သိရှိရပါသည်။
ဩဂုတ်လ ၂၅ ရက်နေ့တွင် မြို့ပေါ်ရပ်ကွက်များအတွင်း မီတာဘောက်လိုက်လံဖြုတ်သိမ်းမှုများ ရှိနေပြီး အချို့ရပ်ကွက်များတွင် မီတာဘောက်အလုံး ၂၀ ကျော်အထိ ဖြုတ်သိမ်းခံရသလို အချို့ရပ်ကွက်တွင် ၁၀ လုံးကျော် ဖြုတ်သိမ်းခံရမှုရှိနေကြောင်း မီတာဘောက်လာဖြုတ်သူတစ်ဦးထံမှ သိရသည်။
မီတာဘောက်အဖြုတ်ခံရသည့်အိမ်များသည် မီတာခချက်ချင်းဆောင်ပါက ချက်ချင်းပြန်လည် တပ်ဆင်ပေးမည်ဟုဆိုပေမယ့် မီးတာဘောက်အဖြုတ်ခံရသည့်အိမ်တွင် တစ်ပတ်ကျော်အထိ ပြန်လည်တပ်ဆင်မှုမပြုလုပ်သေးကြောင့် သိရှိရပါသည်။
“ ကျမတို့ကို ပြောတာတော့ ချက်ချင်းဆောင်ရင် ပြန်လာတပ်ပေးမယ်ပြောတယ် အခုထိ လာမတပ်သေးဘူး။ ကျမတို့က ၁၀ လစာသွင်းရတယ်။ ဒဏ်ကြေး ၇၀၀၀ ကျပ် နှင့် မီတာပြန်တပ်ခ တစ်သောင်းခွဲ၊ မီတာဘောက်ပြန်ရွေးခ ၈၀၀၀ ကျပ် ပေးခဲ့ရတယ်။ ” ဟု မီတာဘောက်အဖြုခံရသည့်အိမ်ရှင်တစ်ဦးကပြောသည်။
နောက်အိမ်ရှင်တစ်ဦးကလည်း “ ကျွန်တော်တို့ဆိုရင် နှစ်ပတ်ကျော်နေပြီ ပြန်လာမတပ်ပေးသေးဘူး။ မီးမရတော့ အဆင်မပြေဘူး။ ကလေးတွေ စာလုပ် ချက်ပြုတ်ဖို့လိုတယ်။ ပြောတော့ ချက်ချင်းပြန်တပ်ပေးမယ်ပြောတယ်။ မီတာခ မဆောင်တော့ ချက်ချင်းဖြုတ်တယ်။ ဖြုတ်စရာလို့လားပေါ့။ သတိလည်းကြိုမပေး ဘာမပေးနဲ့” ဟု ပြောသည်။
မီတာခမဆောင်ပါက မီတာဘောက်ဖြုတ်သိမ်းမည်ဆိုတဲ့ သတိပေးစာလည်းမရရှိသလို ရုတ်တရက်ကြီး လူ ၁၀ ယောက်ကျော်ရောက်လာပြီး အလန့်တကြားဖြင့် မီတာဘောက်လာဖြုတ်သိမ်းသွားသည်ဟု ၎င်းက ဆိုသည်။
“ ဘာလို့ မီတာခမဆောင်တာလဲဆိုရင် မီတာခတွေ ဆောင်ရင် စစ်ကောင်စီလူသတ်နေတာကို အားပေးအားမြောက် ပံ့ပိုးပေးနေတာ အဲ့ကြောင့်မဆောင်တာ ဖြုတ်ချင်ဖြုတ်ပေါ့ ပြည်သူတွေ ဒီလောက်ကြပ်တည်းနေတာကို အနိုင်ကျင့်ချင်နေတယ်။” ဟု ဒေသခံတစ်ဦးမှ ပြောသည်။
၂၀၂၁ ဖေဖါဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုများသည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် မီးတာခမဆောင်ခြင်း၊ အာဏာရှင်အား ဆန့်ကျင်လှုပ်ရှားမှုတစ်ရပ်အဖြစ် လုပ်ဆောင်ပြသခဲ့ခြင်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *