ခမ်းသားငေါဝ်း
ဩဂုတ် ၂၂၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဒေသခံများနိုင်ငံသားမှတ်ပုံတင်ပြုလုပ်ရာတွင် စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး(လဝက)ရုံးဝန်ထမ်းများက ဖိနှိပ်ခွဲခြားဆက်ဆံခြင်း နှင့် လာဘ် စားခြင်းများ ရှိနေကြောင်း ခမ်းသားငေါဝ်းမှ စုံစမ်းသိရှိရပါသည်။
ယမန်နေ့ သြဂုတ်လ ၂၁ ရက်နေ့တွင် ဆီဆိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးသို့ နိုင်သားမှတ်ပုံတင်ကပ် သွားရောက်ပြုလုပ်ခဲ့သည့် ဒေသခံများအား လဝကရုံးဝန်ထမ်းများက ကြမ်းတမ်းသည့်ဆဲဆိုခြင်း ခွဲခြားခြင်းများ ပြုလုပ်ခဲ့သည်ဟု ‌ဆီဆိုင်ဒေသခံတစ်ဦးထံမှ သိရသည်။
“ မှတ်ပုံတင်ရ ချင်ရင် ငွေသုံးသောင်း လေးသောင်းပေးရမယ်ပြောတယ်။ ကျွန်တော်တို့ဆီမှာပါလာတာ တစ်သောင်းခွဲဘဲရှိတယ်။ အဲဆိုရင်လုပ်လို့မရဘူးပြောတယ်။ ပြီးတော့ ကောင်းကောင်းပြောလည်းရတာကို လူကိုအော်ငေါက်ပြီး လက်နဲ့ပိတ်ရိုက် လိုက်မယ်ဆိုပြီး ရွယ်လိုက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီလက်အောက်ခံ လဝကရုံးရှိ ဝန်ထမ်းများသည် အများအားဖြင့် ဗမာ့လူမျိုးများဖြစ်ပြီး ‌ဒေသခံ ပအိုဝ်းတိုင်းရင်းသားများက ၃ပုံမှ ၁ပုံ ခန့်ရှိပြီး ဆီဆိုင်မြို့နယ် ဒေသခံပအိုဝ်းလူမျိုးများသည် လည်း အစိုးရရုံးများသို့ သွားလာခြင်းများ မပြုလုပ်ချင်ကြဘဲ မဖြစ်မနေ သွားရမှသာသွား‌လေ့ရှိ ကြောင်း၊ ရုံးရောက်သွားသည့်အခါတွင်လည်း အဆဲအဆိုခံ‌ နေရကြောင်း ၄င်းမှ ဆက်ပြောသည်။
ထိုသို့ လဝက ရုံးဝန်ထမ်းများကို အခကြေးငွေများပေးမှသာ အရေးတယူလုပ်ပေးခြင်းကြောင့် မပေးနိုင်သည့် ရွာသူရွသားများအတွက် အခက်အခဲ ဖြစ်ရကြောင်း သိရသည်။
ဒေသခံအမျိုးသမီးတစ်ဦးကလည်း “ အသိအစ်မ တစ်ယောက်ကဆိုရင် မှတ်ပုံတင်သွားလုပ်တာ အမြန်လိုချင်ရင် တစ်သိန်းပေးရမယ်တဲ့။ ကိုယ်မြို့ ကိုယ်နယ်မှာ အဲလိုလာပြီး အနိုင်ကျင့်ခံနေရတာ ရင်နာတယ်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး ဗမာ့လူမျိုးကြီးတွေကပဲ အနိုင်ကျင့်တာ ခံနေရတယ် သူတို့ကိုဘဲ ကြောက်နေရတယ်။” ဟု ပြောသည်။
“ သူတို့တွေ လာက်စားနေတာ ကြာပြီး စစ်ကောင်စီအာဏာသိမ်းတော့ ပိုဆိုးတာပေါ့။ ဆီဆိုင်မြို့ပေါ်ကလူတောင်ခံရတယ်။ ရွာကလူတွေဆို ပိုဆိုးပေါ့။” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံ အစိုးရရုံး၊ စာသင်ကျောင်း၊ လဝက စသည့်ဌာနဆိုင်ရာရုံးဝန်ထမ်းများသည် အကျင့်ပျက် လာဘ်စားမှုများ ပိုတိုးလာပြီး ပြည်သူလူထုများအပေါ် နိုင်ထက်စီးနင်း ခွဲခြားဆက်ဆံခြင်းများ ကြုံတွေ့လာရကြောင်း ပြောဆိုကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *