ခမ်းသားငေါဝ်း
ဩဂုတ် ၁၉၊၂၀၂၃
ဒီမော့ဆိုမြို့မှ ဖရူဆိုမြို့နယ်ဖက်သို့ ဩဂုတ်လ ၂ ရက်နေ့ကစ၍ စစ်ကြောင်းထိုးစစ်ဆင်လာသည့် စစ်ကောင်စီ၏ တပ်မ (၅၅) လက်အောက်ခံတပ် များနှင့် ကရင်နီပြည်တော်လှန်ရေးပူးပေါင်းတပ်များအကြား ဩဂုတ်လ ၁၄ ရက်နေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီ၏ တပ်မ (၅၅) လက်အောက်ခံတပ် ခမရ(၁၁၂)၊ ခလရ(၃) တပ်များကို ကရင်နီတပ်မတော်(KA)၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၊ အလယ်ပိုင်းတိုင်း -ကရင်နီ(ကယား) စစ်ဒေသခွဲတပ်ရင်းများပူးပေါင်းစစ်ကြောင်း၊ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(DMO Local PDF) ကရင်နီဝံပုလွေစစ်ကြောင်း နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) စသည့်ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များနှင့် အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပူးပေါင်းတပ်များ၏ ဩဂုတ်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
သြဂုတ်လ (၁၀) ရက်နေ့မှ (၁၂)ရက်နေ့အတွင်းဖြစ်ပွားသည့် ငွေတောင်ရွာသစ် နှင့် ထီးသော်ကူးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်မ (၅၅) လက်အောက်ခံတပ် ခမရ(၁၁၂)တပ်မှ တပ်ဖွဲ့ဝင်(၄၅)ဦးနီးပါး ထိခိုက်သေဆုံးပြီး၊ ခလရ(၃)တပ်မှ တပ်ရင်းမှူး နှင့် ဒုရင်းမှူး အပါအဝင် (၂၆)ဦး ထိခိုက်သေဆုံးခဲ့ကာ လက်နက်ငယ် (၁၅)လက်၊ လက်နက် ကြီး(၁)လက် အပါအဝင် ဆက်စပ်ခဲယမ်းမီး ကျောက်များ၊ ကျည်ဆံများ နှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း ပါရှိသည်။
ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးတစ် လျှောက် လက်ရှိအချိန်ထိ ဖော်ပြပါတိုက်ပွဲဖြစ်သည့်နေရာများတွင် စစ်ကောင်စီတပ်များနှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များအကြား စစ်ရေးတင်းမာနေဆဲဖြစ်၍ မိဘပြည်သူများအနေဖြင့် ဖြတ်သန်းသွားခြင်းများမပြုလုပ်ကြရန်နှင့် စစ်ရေးသတိရှိဖြင့် သွားလာကြရန်လည်း တိုက်တွန်း ပြောဆိုထားပါသည်။
တိုက်ပွဲအတွင်း ကရင်နီတပ်မတော်(KA)မှ ဒုဗိုလ်တစ်ဦး၊ KNDF/B-04 မှ ရဲဘော်တစ်ဦး နှင့် KNDF/B-19 မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး ကျဆုံးသွားသည့် ရဲဘော်တို့အား ကရင်နီပြည်အာဇာနည်သူရဲကောင်းများအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုသွားမည်ဟု ထုတ်ပြန်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed