ခမ်းသားငေါဝ်း
သြဂုတ် ၁၆၊ ၂၀၂၃
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ အေးသာယာ အထက ၂ ကျောင်းတွင် ဘာသာရပ်ပြဆရာ/မ များမှ ကျူရှင်မယူနိုင်သည့်ကျောင်းသားများကို ခွဲခြားဆက်ဆံခြင်း၊ အရှက်ရသိမ်ငယ်အောင်ပြုလုပ်ခြင်းများရှိနေကြောင်း ဩဂုတ်လ(၁၆)ရက်နေ့တွင် သိရသည်။
ကျူရှင်မတက်ရောက်နိုင်သည့် ကျောင်းသား/သူ များကို အတန်းတွင်းကျူရှင်တက်သည့်ကလေးများနှင့် အပေါင်းအသင်းမလုပ်ခိုင်းခြင်း၊ အတန်း၏ နောက်ဆုံးခုံများ၌သာ ထိုင်ရခြင်း၊ အတန်းတွင်းမသင်ရသေးသည့် သင်ခန်းစာများအား စာမေးပွဲတွင် ထည့်သွင်းမေးမြန်းခြင်းများ ပြုလုပ်လျက်ရှိကြောင်းဒေသခံပြောပြချက်အရ သိရသည်။
” အခုဆိုကလေးက ကျောင်းမသွားချင်တော့ဘူး၊ ကျောင်းမှာလည်းမပျော်တော့ဘူး၊ဘာသာရပ်များတဲ့အတန်းဆို ပိုဆိုတာပေါ့၊ ဘာသာရပ်တစ်ခုချင်းစီ ကျူရှင်လိုက်တက်တော့လည်း တစ်နေရာနဲ့တစ်နေရာ သွားသင်နေရတာအဝေးကြီးအဆင်မပြေဘူးလေ၊ မတက်ပြန်တော့လည်းကျောင်းမှာမသင်တဲ့သင်ခန်းစာတွေကို စာမေးပွဲမှာထည့်မေးတာတို့ပေါ့၊ ကျူရှင်သင်တဲ့ကလေးတွေကို note လေးတွေထုတ်ပေးထားတာ အမှတ်ပြည့်ရအောင်ပေါ့၊ အဲတော့မတက်ရတဲ့သူက မရဖြစ်တာပေါ့” ဟု တာဝန်သိပြည်သူတစ်ဦးကပြောသည်။
ကျူရှင်ပြ ဆရာ/မများသည် ၎င်းတို့ကျောင်းအုပ်ကြီးထံ ဘာသာရပ်တစ်ခုသင်ကြားလျှင် တစ်သောင်းကျပ်ပေးသွင်းရပြီး အဆိုပါကျောင်းအုပ်ကိုယ်တိုင်ကလည်း ကျောင်းဖွင့်ချိန် အခြားကျောင်းမှပြောင်းလာသည့် ကလေးများအား သုံးသောင်းမှ ငါးသောင်းအထိကောက်ခံလျက်ရှိကြောင်း သိရသည်။
ထို့​အပြင် ကိုယ်လိုချင်သည့်အတန်း၊ သင်ယူလိုသည့်ကလေးများအား ခေါ်ယူရာတွင် နှစ်သောင်းမှ သုံးသောင်းကောက်ခံခြင်းနှင့် အတန်းပိုင်လိုချင်သည့် ဆရာမများအား သိန်းဂဏန်းလာဘ်ယူပြီး အတန်းပိုင်ပေးခြင်းများ ပြုလုပ်လျက်ရှိကြောင်းဒေသခံပြောပြချက်အရသိရ သည်။
” ကျောင်းအုပ်ကိုယ်တိုင်လည်း လာဘ်စား၊ အငယ်တန်းရော အကြီးတန်းပါ တစ်ကျောင်းလုံးနီးပါးပဲ၊တရားလက်မဲ့တွေဖြစ်နေပြီ၊ အချို့ကောင်းတဲ့ဆရာမအနည်းငယ်တော့ရှိကြပါတယ်၊ ထပြောပြန်ရင်လည်း ကလေးတွေအငြှိုးခံရ၊ လိုင်းပေါ်တင်ရင်လည်း ၆၆ ဃနဲ့ တရားစွဲ၊ရဲစခန်းမှာအမှုဖွင့်ထားတာလည်းရှိတယ်၊ အခုလိုအချိန်က ဘယ်သူ့ကိုသွားတိုင်လို့တိုင်ရမှန်း မသိဘူး” ဟု တာဝန်သိပြည်သူတစ်ဦးက ပြောသည်။
ကျူရှင်ယူသည့်ကလေးများမှ ကျူရှင်မယူသည့် ၎င်းတို့သူငယ်ချင်းများအား သင်ခန်းစာများပြန် လည်မျှဝေ သင်ကြားပေးသည့်အခါ သင်ကြားခွင့်မပေးခြင်း၊သင်ကြားပေးပါက ရမှတ်များအလျှော့ခံရမည်ဟု ဘာသာရပ်ပြဆရာ/မ များမှပြောဆိုကြောင်း သိရသည်။
ကျောင်းသားမိဘတစ်ဦးကလည်း “အများကြီးပဲရှိတာ၊ ကလေးတွေအငြှိုးထားခံရမစိုးလို့ပဲ မပြောတာ၊ခုချိန် ကျောင်းထုတ်ပြီးအခြားကျောင်းပြောင်းတော့လည်း အဆင်ပြေတဲ့အချိန်မဟုတ်တော့ဘူး၊ ပြီးတော့သူတို့ ကျောင်းထွက်သွားလို့ မကျေနပ် ချက်နဲ့ လက်မှတ်ထုတ်မပေးတာဖြစ်ဖြစ်၊စာရေးအကြောင်းကြားဖြစ်ဖြစ်ဆိုရင်လည်း နောက်ကျောင်းမှာကလေးအဆင်မပြေမှာ စိတ်ပူတာ၊ အဲဒါကြောင့် ကျိတ်မှိတ်ခံနေသူတွေ အများကြီးပဲ”ဟုပြောသည်။
ကျောင်းသားများသည် သင်ခန်းစာများနားမလည်ခြင်း၊ ကျောင်းတွင်းခွဲခြားခံရမှုများခံရခြင်းတို့ကြောင့် ယခုနှစ်အတွင်းကျောင်းထွက်နှုန်းပိုမိုများပြားလာကြောင်းသိရသည်။
” လက်ရှိကျောင်းမှာက ကျောင်းသားဦးရေ ၃၈၀၀ရှိတယ်၊ ဖိအားများတော့ ကျောင်းသားထွက်နှုန်းလည်း ဒီနှစ်အများကြီးပဲ၊ ကျောင်းမှာသင်ပေးတဲ့ဆရာ/မ တွေကလည်းသူတို့စာသင်ချိန် ၄၅မိနစ်ပြီးရင် ထွက်သွားကြတာပဲ၊ စာနားမလည်လို့မေးချိန်တောင်မရှိဘူးပေါ့၊ ကျူရှင်မှာပဲအဓိကထားသင်ပေးတာပေါ့”ဟု အခြား ကျောင်းသားမိဘ တစ်ဦးက ပြောသည်။
ယခုတွင်လည်း အဓ္ဓမအလှူငွေကောက်ခံခြင်းများကို အလှူငွေကောက်ခြင်းမဟုတ်ဘဲ ပူးပေါင်းပါဝင်ဆောင်ခြင်းဟုဆိုကာ ကျောင်းသားမိဘများထံမှ လက်မှတ်ထိုးစေပြီး ကောက်ခံမှုများရှိနေကြောင်း သိရသည်။
အလှူငွေမထည့်ဝင်နိုင်သည့်ကျောင်းသားမိဘများ၏ ကလေးများကို အတန်းပိုင်ဆရာမများမှ နှိမ့်ချအရှက်ခွဲခြင်း၊အဆိုပါအစည်းအဝေးမလာသည့်မိဘများ၏ သားသမီးများအား အတန်းတွင်း မတ်တပ်ရပ်ခိုင်းပြီးမေးမြန်းအရှက်ခွဲကာ မိဘများထပ်မံခေါ်ယူ၍ ပိုက်ဆံကောက်ရန်လုပ်ဆောင်နေကြကြောင်း သိရသည်။
အဆိုပါလုပ်ရပ်များအား မခံမရပ်နိုင်၍ထပြောသော မိဘများ၊ facebook တွင်post တင်သည့် မိဘများအား ကျောင်းအုပ်နှင့်ကျောင်းကော်မတီစာရင်းစစ်အမျိုးသမီးမှ ပူးပေါင်းကာ ပုဒ်မ ၆၆ ဃ ဖြင့်တရားစွဲ အရေးယူမှုများပြုလုပ်လျက်ရှိနေကြောင်း သိရသည်။
အေးသာယာ အထက ၂ ကျောင်းကို ခမ်းသားငေါဝ်း သတင်းဌာန မှ အဆက်အသွယ် ရရှိရန်ကြိုးစားစုံစမ်းသော်လည်း အဆက်သွယ်မရရှိခဲ့ပါ။
#PPV 010

Leave a Reply

Your email address will not be published. Required fields are marked *