ခမ်းသားငေါဝ်း
ဩဂုတ် ၁၅၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ပုန့်မူကျေးရွာအုပ်စု မှော်ဘီကျေးရွာတွင် ဘုန်းကြီးဟန်ဆောင်ပြီး မှော်ဘီလမ်းဆုံရှိ ဆိုင်တစ်ဆိုင်ကို အကူညီတောင်းရာမှ ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်၊၊
ဖြစ်စဥ်သည် ယမန်နေ့ သြဂုတ်လ(၁၄)ရက်နေ့ ည ၅နာရီအချိန်တွင် ဦးပဇင်းဟန်ဆောင်၍ မှော်ဘီလမ်းဆုံရှိ ဆိုင်ဖွင့်ထားသည့် အမျိုးသမီးတစ်ဦးထံမှ အကူညီတောင်းပြီး ဆိုင်ရှင်အမျိုးသမီးက ဆိုင်ကယ်ဖြင့် ကူညီလိုက်ပို့ပေးရာ လမ်းတစ်ဝက်အရောက်တွင် ဆိုင်ကယ်လုယက်ခဲ့ကြောင်း သတင်းရင်းမြစ်ကဆိုသည်၊၊
” ဘုန်းကြီးတစ်ပါး ကျွန်မတို့ဆိုင်ကိုဝင်လာတယ် ဓာတ်ဆီဗူးကိုင်ပြီး သူ့ဆိုင်ကယ်က လေမှီးတောင်ရွာဘက်မှာ ကျန်လို့ အဲနားလိုက်ပို့‌ ပေးဖို့ပြောတယ်။ အကူအညီတောင်းတယ်။ ကျွန်မကအယုံလွယ်တာလည်းပါတယ် အခြားဘာမှ မစဥ်းစားမိတော့ဘူး။ “ဟု ကြုံတွေ့သူအမျိုးသမီးတစ်ဦးက ပြောသည်၊၊
အဆိုပါဘုန်းကြီးယောင်ဆောင်သူတစ်ဦးသည် အသက် ၄၀ ဝန်းကျင်ရှိပြီး ထိုကဲ့သို့ အကူအညီတောင်းမှုကြောင့် ဆိုင်ရှင်အမျိုးသမီးငယ်တစ်ဦးကလည်း မည်ကဲ့သို့ပင် မတွေးမိတော့ပဲ လိုက်ပို့ဖြစ်ခဲ့ကြောင်း သိရသည်၊၊
” ကျွန်မကလိုက်ပို့လိုက်တယ် သူကမောင်းတယ်ပေါ့နော် လေမှီးတောင်ရွာဘက်လည်းရောက်ရော လူလည်းရှင်းတော့ ကျွန်မကိုဆိုင်ကယ်ပေါ်ကနေတွန်းချတာ တော်သေးလို့ လူကဘာမှမဖြစ်ဘူး။ မထင်ရဘူး တကယ်ဦးဇင်းအတိုင်းပဲလေ အဲဒါနဲ့ လေမှီးတောင်ရွာကနေ လာတဲ့ဆိုင်ကယ်တွေ့တော့ အကူညီတောင်းလိုက်တယ် သူတို့လိုက်ပေးတယ် လိုက်လို့မမီတော့ဘူး။” ဟု ၎င်းကဆက်ပြောသည်။
လုယက်ခံရသည့်ဆိုင်ကယ်သည် Wave 110ထိုင်းဘီးအမျိုးအစားဖြစ်ပြီး ဝယ်ထားသည်မှာ ၁နှစ်ကျော်သာရှိသေးကြောင်းနှင့် ဆိုင်ကယ်လိုင်စင်လည်းပါသွားကြောင်း သိရသည်၊၊
“အဲလိုဖြစ်ပြီးတော့ တောင်ဘက်မှာ ရှိတဲ့ဂိတ်တွေကို အကုန်လုံးအကြောင်းကြားထားတယ် “ဟု အဆိုပါအမျိုးသမီးက ခမ်းသားငေါဝ်းကိုပြောသည်၊၊
အင်းလေးဒေသတွင် လုယက်မှု၊ ယာဥ်တိုက်မှုနှင့် အိမ်တွင်း ခိုးဆိုးလုယက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း အင်းလေးဒေသခံများကဆိုသည်၊၊

Leave a Reply

Your email address will not be published. Required fields are marked *