ခမ်းသားငေါဝ်း
ဩဂုတ် ၁၇၊၂၀၂၃
စစ်ကောင်စီလက်အောက်ခံ မြို့နယ်စည်ပင်သာယာ ရေးဌာနမှ တောင်ကြီးမြို့စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ခွင့်ပြုချက်မရှိဘဲ အိမ်ဆောက်လုပ်ခြင်း တိုးချဲ့ပြင်ဆင်ခြင်းများ မပြုလုပ်ရန် ဩဂုတ်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ခွင့်ပြုချက်မရှိဘဲ ကြိုတင်ဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ အကြီးစားပြင်ဆင်ခြင်းဆောင်ရွက်သည့် ပုဂ္ဂလိက အဆောက်အအုံများကို စစ်ဆေးတွေ့ရှိရလျှင် အဆောက်အအုံကြီးကြပ်စစ်ဆေးခ အဖြစ် ဆောက်လုပ်ပြီးစီးသောအိမ်အား အဆောက်အုံတန်ဖိုးငွေ၏ ( ၁၀ ရာခိုင်နှုန်း) နှင့် ဆောက်လက်စ အိမ်များကို အဆောက်အုံတန်ဖိုငွေ၏(၁ရာခိုင်နှုန်း ) ဒဏ်ကြေးပေးဆောင်ရမည်ဟု အမိန့်ထုတ်ပြန်စာတွင် ပါရှိသည်။
“အဲလိုမျိုး ဒဏ်ကြေးကောက်တာက အဆင်မပြေဘူး မတရားဘူးလို့ထင်တယ်။ ဘာလိုဆိုရင် အရင်ကတည်းက ဒီလိုဘဲ ဆောက်လုပ်ပြီးနေထိုင်ခဲ့ကြတယ်။ ဘာမှ တားမြစ်ပိတ်ပင်တာမရှိခဲ့ဘူး။ အခုအာဏာသိမ်းပြီး ၂နှစ်ကျော်မှ ထဖြစ်တာက ပြည်သူတွေကို လွတ်လပ်စွာနေထိုင်ခွင့်ကို ပိတ်ပင်လိုက်တယ်လိုမြင်မိတယ်”ဟုတောင်ကြီးဒေသခံတစ်ဦးက ပြောသည်။
မြို့စည်ပင်သာယာရေးနိမိတ်အတွင်း စည်ပင် သာယာရေးဌာနမှ ခွင့်ပြုချက်မရရှိဘဲ အိမ်ကြီး အိမ်ငယ်များအား ဆောက်လုပ်နေသည်ကို ရပ်ဆိုင်းထားရန် တားမြစ်စာများပေးပို့ခဲ့ပြီး အိမ်ရှင်များက လိုက်နာမှုမရှိဘဲ ဆက်လက်ဆောက်လုပ်နေသည်ကိုတွေ့ရှိရသဖြင့် ခွင့်ပြုချက်မရှိဘဲ ကြိုတင် ဆောက်လုပ်သည့် ပုဂ္ဂလိကအဆောက်အဦးများကို ကြိုတင်ဆောက်လုပ်မှုဒဏ်ကြေး‌ငွေ ဒဏ်ထပ်ရိုက်ရန်လည်း ပါရှိသည်။
“နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ကို ချိုးဖောက်သလိုခံစားရတယ်။ သူတို့က ကိုယ်အိမ်တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်း‌ပေးရမှာဆိုတော့ ဥပမာ-ကိုယ်အိမ်က သိန်း ၁၀၀ တန်တယ်ဆိုရင် သူတို့ကို ဒဏ်ကြေး ၁၀ သိန်းအလာကားပေးနေရတယ် ပြည်သူတွေကို စိတ်ဒုက္ခရောက်စေတယ် ” ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။
နောက်ဒေသခံတစ်ဦးကလည်း “ဥပဒေက အရင်ကတည်းက ရှိပြီးသားဖြစ်တယ် အိမ်ဆောက်ရင် စည်ပင်မှာ ခွင့်ပြုချက်တင်ရမယ်ဆိုတာ ရှိထားပြီးသားဖြစ်တယ်။ ဥပဒေ သဘောတရား နားလည်သူဆိုရင်တော့ လုပ်ကြတယ်။ အခုနောက်ပိုင်း ကျေးလတ်တွေက တစ်ဖြည်းဖြည်းနဲ့ စည်ပင်နယ်ထဲ ဝင်လာတော့ အချို့ကဒီကိစ္စကို မသိဘူး မြေဝယ်လိုက်တယ်။ ပြီးတော့ အိမ်ဆောက်နေလိုက်တယ်ပေါ့ အခုတော့ ပြဿနာတွေဖြစ်ပြီး နစ်နာကုန်တာပေါ့ ” ဟု ပြောသည်။
ထို့ပြင် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း အဆောက်အအုံတစ်ခုခု ဆောက်လုပ်ခြင်း၊ ပြင်ဆင်‌ ဆောက်လုပ်ခြင်း၊ တိုးချဲ့ဆောက်လုပ်ခြင်းနှင့် မြို့စိမ်းလန်းစိုပြည်သာယာလှပစေရေးအတွက် စစ်ဆေးတားမြစ်ခြင်း၊ ကြီးကြပ်အုပ်ချုပ်ခြင်းဆိုင်ရာ စည်းကမ်းများ ( Bye-Laws) နှင့်အညီ ကြီးကြပ်‌ ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *