ခမ်းသားငေါဝ်း
ဩဂုတ် ၁၇၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းနယ်စပ် ဆောင်လန်းကျေးရွာစစ်ရှောင်စခန်းရှိ စစ်ရှောင်ကလေးငယ်များသည် တုပ်ကွေး ရောဂါဖြစ်ပွားသူများပြားနေကြောင်း ဩဂုတ်လ ၁၇ ရက်နေ့တွင် သိရသည်။
ယင်းစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၉၉ စုရှိပြီးလှုဦးရေ ၃၅၇ ဦးရှိကာ ခြင်ထောင်များ လုံလုံလောက်လောက်မရှိဘဲ အများစုက ခြင်ကိုက်ခံရခြင်းမှတစ်ဆင့် တုပ်ကွေးဖြစ်ပွားခဲ့ရကြောင်းသိရသည်။
“ကလေးငယ်အများစု ဖြစ်ကြတယ် တုပ်ကွေးနဲ့ပတ်သက်တဲ့ ဆေးဝါးလည်းလိုအပ်တယ် ဆေးရုံဆေးခန်းတက်ရတဲ့အထိတော့မရှိသေးဘူး ရွာမှာရှိတဲ့ ဆေးဆရာမတွေဆီသွားပြတာတွေလည်းရှိတယ်။ ပြီးတော့ပရဟိတလုပ်တဲ့ဆရာမတွေကို အကူညီတောင်းပြီး လာစစ်ဆေးပေးတာတွေလည်းရှိပါတယ်”ဟု စစ်ရှောင်အရေး ဆောင်ရွက်ပေးနေသူတစ်ဦးက ခမ်းသား‌ငေါဝ်းကိုပြောသည်။
ထို့ပြင် စားနပ်ရိက္ခာများ၊ ခိုင်ခန့်သေအဆောက်အဦး များလည်း လိုအပ်လျက်ရှိကြောင်း ၎င်းစစ်ရှောင်ကူညီပေးနေသူက ဆက်ပြောပါသည်။
ယင်းစစ်ရှောင်များသည် မိုးဗြဲနှင့်ကရင်နီပြည်အနှံ့မှသက်ကြီးရွယ်အိုများ၊ ကလေးငယ်များ အများစုပါဝင်သည့်အရပ်သားများဖြစ်ကြပြီး စစ်တပ်အာဏာစသိမ်းပြီး‌နောက် စစ်ရှောင်ခဲ့ရသည်မှာ နှစ်နှစ်ကျော်ကြာပြီဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *