ခမ်းသားငေါဝ်း
ဩဂုတ် ၁၀၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊အင်းလေးဒေသရှိ ဖောင်တော်ဦးမြတ်စွာဘုရားရုပ်ရှင်တော်မြတ်ကြီးအား ရိုးရာမပျက် (၂၁)ဌာနသို့ ဒေသစာရီကြွချီအပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။
နှစ်ပေါင်း ၄၀၀ ကျော်ရှိပြီဖြစ်သည့် ဒေသစာရီကြွချီပွဲ ရိုးရာအစဥ်အလာအား ထိန်းသိမ်းသည့်အနေဖြင့် ယခုနှစ်တွင်ပြန်လည်ကျင်းပရခြင်းဖြစ်ကြောင်း မြို့နယ်တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
” ၂၀၁၉တုန်းက နောက်ဆုံးအကြိမ်ကျင်းပဖြစ်တာပါ၊ ၃နှစ်လောက်ရှိပြီ မလုပ်ဖြစ်တာ၊ကြားသိရသလောက် ဒီလိုဒေသစာရီကြွချီတာ နှစ်ပေါင်း ၄၀၀ ကြာပီ၊ အရင်နှစ်တွေက ကိုဗစ်ရောဂါကြောင့်မလုပ်ဖြစ်ဘူး၊ အခုနှစ်မှပြန်လုပ်ဖြစ်တာပေါ့” ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။
သီတင်းကျွတ်လဆန်း(၁)ရက်နေ့ (၁၅.၁၀.
၂၀၂၃) ရက်နေ့မှ သီတင်းကျွတ်လပြည့်ကျော်
(၃)ရက်(၁.၁၁.၂၀၂၃)ရက်နေ့အထိ ၁၈ ရက်ကြာအပူဇော်ခံကြွရောက်သွားမည်ဖြစ်ကြောင်းသိရသည်။
ညောင်ရွှေမြို့ သံဃနာယကအဖွဲ့ဆရာတော်များ၊ ဖောင်တောင်ဦးမြတ်စွာဘုရား၏ ဩဝါဒါစရိယဆရာတော်များနှင့် သံဃဩဝါဒခံဂေါပကအဖွဲ့တို့မှ ဩဂုတ်လ ၉ ရက်နေ့တွင် ဒေသစာရီကြွချီပွဲနှင့် ပတ်သက်၍ သဘောတူဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အဆိုပါဒေသစာရီကျင်းပရာတွင် ကြုံတွေ့လာနိုင် မည့် ရေလမ်းကြောင်းအခက်အခဲများအား လာမည့် ဩဂုတ်လ (၂၄)ရက်နေ့တွင် ဒုတိယအကြိမ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *