ခမ်းသားငေါဝ်း
ဩဂုတ် ၁၀၊၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် တောင်ပေါ်ဒေသကျေးရွာအတော်များများတွင် မိုးရေကြီးမှုကြောင့် မြေပြိုမှုဖြစ်ပွားပြီး မန်ကန်ရွာရှိ
အသက်(၁)နှစ်ကျော် ကလေးငယ်တစ်ဦးသေဆုံးကာ (၂)ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးထံမှ သိရသည်။
ဖြစ်စဥ်မှာ ယမန်နေ့သြဂုတ်လ(၉)ရက်နေ့ နမ့်ခမ်းမြို့နယ် တောင်ပေါ်ဒေသရှိ ကျေးရွာများတွင်မိုးသည်းထန်စွာရွာပြီးမြေပြိုမှုကြောင့် လူနေအိမ်များပျက်စီးကာ အသက် ၁ နှစ်ကျော်ကလေးတစ်ဦးလည်း မြေကြီးပိ၍ သေဆုံးခဲ့ရကြောင်းသိရသည်။
“အရင်ရက်ကတည်းက မိုးရွာတယ် မနေ့ကပုံမှန်ရွာတာမဟုတ်ပဲ သည်းသည်းထန်ထန်ရွာချတာ
မြေတွေပြိုတယ်။ တောင်ပေါ်ဒေသဆိုတော့ ကလေးတစ်ဦးက မြေကြီးပိ သေဆုံးသွားတယ်၊ ထိတာက တစ်မိသားစုလုံး။ ကလေးကို မြေကြီးထဲပြန်ဆယ်လိုက်ရတယ် ။မြေပြိုတာတွေက အိမ်နောက်ဘက် ပြိုတာများတယ်”ဟု မန်ကန်ရွာဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပေါ်ဒေသရှိ မန်ကန်ရွာ၊ မန်လုံရွာ၊နမ့်ဟွမ်ရွာ၊ကောင်းခေရွာ၊ပန်လောရွာ၊ပန်ခါးရွာ၊လွယ်မွန်းရွာ၊ဆိုင်တောင်ရွာ၊ဆာလူရွာ၊မန်အောင်ရွာ၊ဖာလင်ရွာ၊ကြူဆိုင်းရွာ၊ပန်ဟန်ကြီးရွာ၊မန်စပ်ရွာများတွင် မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကျေးရွာအတွင်း လူနေအိမ်(၂၆)လုံးနှင့် ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း၊ သီလရှင်ကျောင်းတစ်ကျောင်းပျက်စီးပြီး တစ်ရွာနှင့်တစ်ရွာဆက်သွယ်ထားသည့်လမ်းများ တံတားများလည်းပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
နမ့်ခမ်းလူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း “အဖြစ်ပျက်က ရုတ်တရက် ရေကြီးတာ ဖြစ်တော့ကျွန်တော်တို့က မရောက်ခဲ့ဘူး၊ ဒီနေ့ သွားမလို့လုပ်ပေမဲ့ သူတို့ကအကုန်လုံးလုပ်ပြီးနေပြီ ကလေးတစ်ယောက်သေဆုံးတာ နှစ်ဦးဒဏ်ရာရတာ နေအိမ် ပျက်စီးတာတွေတော့ကြားမိတယ်” ဟုပြောသည်။
နမ့်ခမ်းမြို့နယ် တောင်ပေါ်ဒေသကျေးရွာများတွင် မိုးသည်းထန်စွာရွာသွန်းပြီး ပျက်စီးမှုများနေသည်ကို ဒေသခံများအနေဖြင့် ကူညီသည့်အဖွဲ့အစည်းရှိပါက အကူအညီလိုအပ်ကြောင်း ပြောဆိုကြသည်။
ယခုကဲ့သို့ ကုန်ဈေးနှုန်းမြင့်တက်သည့်ကာလတွင် သဘာဝဘေးနှင့်ကြုံတွေ့နေရသည်မှာ အခက်အခဲပိုဖြစ်ရကြောင်း ဒေသခံတစ်ဦးက ဆက်ပြောသည်။