ခမ်းသားငေါဝ်း
ဩဂုတ် ၉၊၂၀၂၃
မြန််မာနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ သွား ရောက်အလုပ်လုပ်ကိုင်သူ ပိုမိုများပြားလာ၍ အ ထောက်အထားစုံလင်မှသာလျှင် အလုပ်ရရန်လွယ်ကူကြောင်း အလုပ်ရှာဖွေရေး အေးဂျင်းတစ်ဦးထံမှ သိရှိရသည်၊၊
လက်ရှိတွင် ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းဖြင့် ဝင်ရောက်သူ များပြားလာပြီး အထောက်အထားမရှိသောကြောင့် အလုပ်ရှာဖွေရန် ခက်ခဲကြရကြောင်း သိရသည်၊၊
” ဒီတစ်လနှစ်လအတွင်းကိုမှ အောက်လမ်း (တရားမဝင်လမ်း)ကနေပြီး ဝင်လာတဲ့သူက ရက်တိုင်းလိုလိုရှိနေတယ်။ ဖမ်းမိတာတွေလည်း မနည်းတော့ဘူး ဝင်လာတဲ့သူပိုများတော့ အလုပ်တွေရှာကြတယ် ဘာအလုပ်ဖြစ်ဖြစ်မရွေးတော့ပဲလုပ်ချင်ကြတယ် ဒါပေမယ့်အခုခက်တာက သူဌေးတော်တော်များက အထောက်အထားစုံမှ ခေါ်ကြတယ်”ဟု ထိုင်းတွင်အလုပ်ရှာဖွေရေးတစ်ဦးကပြောပါသည်၊၊
ထိုင်းနိုင်ငံ အလုပ်ရှာဖွေပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးကလည်း “အရင်က အထောက်အထားလျှောက်ထားတာရှိရင် ကျွန်တော်တိုရုံးကိုလာလျှောက်လို့ရတယ် ခုနောက်ပိုင်းက အထောက်အထားစုံမှပဲ လျှောက်လို့ရမယ် သူဌေးတွေက အထောက်အထားစုံမှပဲ ယူတော့တယ် ခုဆို ရုံးမှာလာလျှောက်တဲ့သူတွေ တစ်ရက်ထက်တစ်ရက် ပိုများတယ်”ဟုပြောသည်၊၊
ယခင်တွင် အထောက်အထားလျှောက်ထားဆဲသူများကို အလုပ်လျှောက်ရန် လျှောက်လွှာတင်၍ရသော်လည်း ယခုတွင် ပတ်စပိုစ့်၊ ဗီဇာ၊ ဝေါ့ပါမစ်တို့ရှိမှသာလျှင် လျှောက်၍ရကြောင်း သိရသည်၊
အထောက်အထားစုံလင်စွာမရှိသော်လည်း လျှောက်ထားဆဲရှိသူများကို အနည်းစုမှ အလုပ်လက်ခံပေးခြင်းရှိကြောင်း၎င်းကဆက်ပြောသည်၊၊
မြန်မာနိုင်ငံမှရွေ့ပြောင်းလုပ်သားတစ်ဦးကလည်း ” အရင်နှစ်သူငယ်ချင်းလာတုန်းက သူလည်းအထောက်အထားမစုံဘူး တင်ထားတယ် အလုပ်ရတယ် ခုကျွန်မတို့အဖွဲ့ နောက်မှလာတယ် ပန်းရောင်ကဒ်တင်ထားတယ် စာရင်းလည်းကျလာပြီ ဒါပေ မယ့် အဲဒါနဲ့အလုပ်လျှောက်လို့မရဘူး အလုပ်ရဖို့ခက်တယ်”ဟုခမ်းသားငေါဝ်းကိုပြောသည်၊၊
“ထိုင်းမှာက အလုပ်ရှာဖွေရေး group(အုပ်စု)ဆိုပြီးရှိတယ် အများကြီးပဲ အလုပ်ခေါ်တဲ့နေရာရှိရင် သူတို့ကတင်ပေးတယ် အဲလိုအလုပ်ရှာပေးတာလည်းရှိတယ် အလုပ်ရရင် တစ်ယောက်ကိုဘတ် ၅၀၀ပေးရတာလည်းရှိတယ် ၁၀၀၀ ဘတ်ပေးရတာလည်းရှိတယ် တချို့ပွဲစားတွေက အလုပ်တကယ်မရှိပဲ ပိုက်ဆံလိမ်စားသွားတာလည်းရှိတယ် အလိမ်ခံထိတဲ့သူလည်းအတော်များတယ်”ဟု ရွေ့ပြောင်းလုပ်သား အမျိုးသမီးတစ်ဦးကဆိုသည်၊၊
အဆိုပါအလုပ်ရှာဖွေရေး facebook groupတွင် အလုပ်ခေါ်ယူမှုကို မည်သူမဆို ဝင်ရောက်တင်နိုင်ပြီး ခေါ်သည့်နေရာ၌ မည်သူမဆို ဝင်ရောက်ရှာဖွေနိုင်ကြောင်း သိရသည်၊၊
“တချို့အလုပ်ရှာပေးတဲ့သူက အလုပ်ရသွားရင် ငွေလွှဲပြီးမှ အလုပ်သွားပို့ပေးမယ်ဆိုပြီး လိမ်တာမျိုးရှိတယ် တချို့ပွဲစားက အလုပ်စီရောက်လို့အဆင်ပြေတယ်ဆိုမှ ငွေနောက်မှပေးရတာမျိုးလည်းရှိတယ် “ဟု၎င်းကဆက်ပြောသည်၊၊
အလုပ်လိုအပ်သူများသောကြောင့် လက်ရှိတွင် လုပ်ကိုင်နေကြသည့်အလုပ်ကို ဆက်လပ်လုပ်ကိုင်ကြပြီး အလုပ်မထွက်ကြရန်လည်း မြန်မာနိုင်ငံ ရွေ့ပြောင်းလုပ်သားများကဆိုကြသည်၊၊
နောက်ပိုင်းတွင် facebook group မှ အလုပ်ခေါ် သည့်ပိုစ့်တွေ့ပါက သေချာမေးမြန်းစုံစမ်းပြီးမှယုံကြည်ကြရန် ပြောဆိုကြသည်၊၊