ခမ်းသားငေါဝ်း
ဩဂုတ် ၁၀၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက
သြဂုတ်လ (၁)ရက်နေ့မှစပြီး လူ ၅ဦးအထက်မစုရနှင့် ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ကြောင်း သိရှိရပါသည်။
အမိန့်ကို သြဂုတ်လ (၁) ရက်နေ့တွင် ထုတ်ပြန်ပြီး စစ်ကောင်စီ၏ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်ထဲတွင် တာဝန်ယူလိုက်ကပ် ပေးနေကြောင်း သိရှိရပါသည်။
တောင်ကြီးမြို့နယ်အတွင်း လူ ၅ဦးထက်ပိုမစုရနှင့် စုဝေးခြင်း၊ ဟောပြောခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဆန္ဒပြခြင်းများအား ခွင့်မပြုကြောင့် စစ်ကောင်စီ၏ ထုတ်ပြန်စာတွင် ပါရှိသည်။
“ လူ ၅ဦးထက် ပိုမစုရဆို‌တော့ အခုခေတ်အနေအထားက သူခိုး ဓားမြတွေ ပေါနေတာ တစ်ယောက်တည်းသွားဖို့က အဆင်မပြေဘူး အဖွဲ့လိုက်သွားတာမျိုးက ကိုယ်အတွက် ပိုလုံခြုံတယ်။ အခုလိုအမိန့်ထုတ်ပြန်လိုက်တော့ သူခိုး ဓားမြကို အားပေးရာရောက်တယ်လို့မြင်တယ်။ “ ဟု တောင်ကြီးဒေသခံတစ်ဦးမှ ပြောသည်။
တောင်ကြီးမြို့နယ်ရှိ လမ်းမကြီးများ၊ အများပြည်သူသွားလာရန်လမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယာဉ်၊ အများပြည်သူနှင့် ဆိုင်သည့်နေရာများတွင် စုဝေးခြင်း မပြုရန်နှင့် ည (၁၂) နာရီအချိန်မှ နံနက် (၄)နာရီအချိန်ထိ ညမထွက်ရန် ပါရှိသည်။
“ ညမထွက်ရ အမိန့်က ၄နာရီဆိုတော့ အခက်အခဲဖြစ်တာက ကုန်စိမ်းရောင်းတဲ့သူတွေ ထိမယ်။ ရွာကနေအစောကြီး ၃နာရီလောက် မြို့မဈေးမှာ တက်ရောင်းတဲ့သူတွေရှိတယ်။ အမိန့်ထုတ်လိုက်တော့ သွားလာရေးခက်ခဲတယ်။ ကုန်ပစ္စည်းလည်း ရောင်းရသင့်သလောက် မရောင်းရတော့ဘူးပေါ့။ ဝင်ငွေ ထိခိုက်စေတယ်” ဟု ကုန်စိမ်းသည်တစ်ဦးကပြောသည်။
တောင်ကြီး ဒေသခံတစ်ဦးကလည်း “ ဒီအမိန့်ကြောင့် အရေးအပေါ်အခြေအနေမှာ ဖျားနာတယ်ဆိုရင် မသွားရဲတာမျိုးတော့ရှိတယ် ၄ နာရီကျော်တဲ့အထိ စောင့်ရမယ်။ ပြည်သူအတွက် လုံခြုံရေးဆိုတာထက် သူတို့အတွက် လုံခြံစေဖို့ ပြည်သူတွေရဲ့ လွတ်လပ်သွားလာခွင့်ကို သက်သက် ဖိနှိပ်တယ်လို့မြင်မိတယ်။” ဟု ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် တိုင်းနှင့်မြို့နယ်အလိုက် လူစုလူဝေးမလုပ်ရ နှင့် ညမထွက်ရအမိန့်ကို လတိုင်းလိုလို ထုတ်ပြန်ပြီး စစ်ဆေးရေးဂိတ်များတွင်လည်း စစ်ဆေးမှုတင်းကြပ်လာ ကြောင်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *