ခမ်းသားငေါဝ်း
ဩဂုတ် ၉၊၂၀၂၃
ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့်ဒီမော့ဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများတွင် သောက်သုံးရေသိုလှောင်ကန်အတွင်း ပိုးလောက်လန်းများနေသဖြင့် ကူးစက်ရောဂါများဖြစ်လာမည်ကို စိုးရိမ် နေရကြောင်း သိရသည်။
ပိုးလောက်လန်းနှိမ်နင်းရန်နည်းလမ်းများနှင့် ကာကွယ်ခြင်းနည်းလမ်းများကို ပြည်သူများစုဝေးပြီး အသိပညာပေးခြင်း၊ လက်တွေ့ဆောင်ရွက်ခြင်းများပြုလုပ်ရန် လိုအပ်လျက်ရှိကြောင်း စစ်ရှောင်အရေးကူညီစောင်ရွက်သူတစ်ဦးက ဆိုပါသည်။
” ပိုးလောက်လန်းကနေ ခြင်ဖြစ်လာတယ်၊ပိုးလောက်လန်းရှိ နေတဲ့ရေတွေကို ဖြစ်နိုင်ရင်မသောက်စေချင်ဘူး၊ ဒါမှမဟုတ် ဘိတ်ဆေးတွေ ခတ်ဖို့လိုမယ်ပေါ့၊ အခြားအစားထိုးသုံးလို့ရတာတွေလည်း သုံးလို့ရတယ်၊အမှိုက်တွေစနစ်တကျ ပစ်ဖို့လိုတယ်၊ ကလေးတွေလည်းခြင်ကိုက်မခံရဖို့လိုတယ်၊ဒီမှာက လူအရမ်းများတော့ ကူးရင်လည်း အမြန်ကြီးကူးစက်နိုင်တယ်၊ အများကြီးပြင်ဆင်ပြီး ကာကွယ်ထားဖို့လိုပါမယ်”ဟု စစ်ရှောင်ကူညီသူတစ်ဦးကပြောသည်။
ပိုးလောက်လန်းမှတစ်ဆင့် ဝမ်းပျက်ဝမ်းလျှော
ခြင်း၊ ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း၊သွေးလွန်တုတ်ကွေးဖြစ်ပွားခြင်း၊ ဖျားနာခြင်းများ ဖြစ်နိုင်ကြောင်း ၎င်းကဆက်ပြောသည်။
လူကြီးများအတွက် ဖြစ်လာမည့်ရောဂါများအားခံနိုင်ရည်ရှိစွာရှောင်ရှားနိုင်သော်လည်း ကလေး
သူငယ်များက အန္တရာယ်ရှိနိုင်သည့်အတွက် အထူးသတိရှိစွာနေထိုင်ကြရန် ၎င်းကအကြံပြုထားသည်။
ရောဂါဖြစ်ပွားခြင်းမရှိစေရန် ခြင်ထောင်ဖြင့်အိပ်စက်ခြင်းထက် ရေအိုင်(သို့) ချုံပုတ်အတွင်းရှိ ပိုးလောက်လန်းများကို သန့်ရှင်းထားခြင်းဖြင့် ကာကွယ်နိုင်ကြောင်း သိရသည်။