ခမ်းသားသငါဝ်း
ဩဂုတ် ၃၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မြစေတီကျေးရွာ ဘုန်းကြီးကျောင်းတွင် ဓနုပြည်သူ့လွှတ်‌ မြောက်ရေးတပ်ဦး DPLA ဖွဲ့စည်းကြောင်း ထုတ်ပြန်ပြီးနောက်ရက်တွင် စစ်ကောင်စီတပ်များက လာရောက်တပ်စွဲနေထိုင်သဖြင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်ဖြစ်နေကြ‌ရသည်ဟု သိရသည်။
DPLA ထုတ်ပြန်ပြီးနောက် ဇူလိုင် ၃၀ ရက်နေ့တွင် စစ်ကောင်စီတပ် အင်အား ၃၀ ဝန်းကျင် လာရောက်တပ်စွဲကင်းလှည့်နေထိုင်ခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
” ထုတ်ပြန်ချက် ထုတ်ပြီးနောက်တစ်ရက်မှာ ရောက်လာတယ်၊ ရွာဘုန်းကြီးကျောင်းမှာ အင်အား ၃၀ ခန့်နဲ့တပ်စွဲထားတယ်၊ လပြည့်နေ့ကလည်း သူတို့ရှိနေတော့ ဘုန်းကြီးကျောင်းမသွားရဲကြဘူး၊” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
စစ်ကောင်စီတပ် လာရောက်စခန်းချနေထိုင်မှု ကြောင့် ဒေသခံများ လုပ်ငန်းခွင်သွားရောက်လုပ်ကိုင်ခြင်းများ၊ ညအချိန် သွားလာခြင်းများ လုပ်ဆောင်ရာတွင် စိုးရိမ်ထိတ်လန့်မှုဖြစ်ရကြောင်းသိရသည်။
” အမြဲစိုးရိမ်နေရတာပေါ့၊ ဘယ်အချိန်သူတို့က ရန်မူမလဲမသိနိုင်ဘူးလေ၊ အလုပ်သွားတဲ့လူတွေလည်း သူတို့ရန်မူလာမှာကြောက်လို့ အချို့ဆိုသိပ်မထွက်ကြတော့ဘူး၊ ရွာထဲသူတို့လာရင်လည်း လက်သုံးချောင်းထောင်ပြီး ဒါဘာလဲလို့ လိုက်မေးတယ်၊ မသိဘူးလို့ပဲ ဖြေလိုက်ကြတယ်” ၎င်းက ဆက်ပြောသည်။
ယခုအချိန်ထိ မြစေတီကျေးရွာတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်သည် အချိန်ဘယ်‌ လောက်ကြာ နေထိုင်မည်ကို မသိရကြောင်း၊ ၎င်းတို့ရှိနေစဉ် ကျေးရွာအား အန္တရာယ်ပြုမည်ကို စိုးရိမ်နေရကြောင်း ဒေသခံတစ်ဦးက ဆိုပါသည်။
ဇူလိုင် ၃၁ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်နှင့်ဒေသခံပျူစောထီးတပ်ဖွဲ့ဝင်များ ပဲရင်းတောင်ကျေးရွာရှိ ဒေသခံနေအိမ် ၂ လုံးအားမီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ၂ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာပြီးနောက်ပိုင်း ပင်းတယနှင့်ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ်က လုံခြုံရေးပိုမိုတင်းကြပ်လာကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *