ခမ်းသားငေါဝ်း
ဩဂုတ် ၆၊ ၂၀၂၃
(ဆောင်းပါး)
တိုင်းရင်းသားဒေသတွင် စစ်တပ်အာဏာမသိမ်းခင်ကတည်းကပင် အမျိုးသမီးအပေါ် အကြမ်ဖက်မှုများ၊ အမျိုး သမီးအခွင့်အရေးချိုးဖောက်ခံရမှုများက ရှိနေခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် အမျိုးသမီးအပေါ် အကြမ်းဖက်မှုပိုမိုမြင့်တက်လာသလို ကူညီစောင့်ရှောက်ရန်လည်း ခက်ခဲလာသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသများတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများဖြစ်ပွားပါက အကူအညီ‌ ပေးသည့်အဖွဲ့အစည်းများအနေဖြင့် ထိရောက်စွာကူညီနိုင်ရန် အခက်အခဲကြုံတွေ့နေရကြောင်းသိရသည်။ တရား ဥပဒေစိုးမိုးမှုမရှိသည့်အချိန်ကာလသည် တရားဥပဒေလမ်းကြောင်းပေါ် ရောက်ရှိရန်လည်း အလွန်ခက်ခဲသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရဲစခန်းများတွင် အမှုများသွားရောက်တိုင်ကြားမည်ဆိုပါက အရေးတယူလိုက်လံ ဖမ်းဆီးပေးခြင်းမရှိသလို၊ ချက်ချင်းအရေးယူဆောင်ရွက်ပေးမှုများလည်း မရှိကြောင်းသိရသည်။ တိုင်ကြားသူ များထံမှ သွားလာစရိတ်၊ ဓါတ်ဆီစရိတ်၊ စသည့် တို့ကို တိုင်ကြားသူများက ကျခံပေးမှသာလျှင် ပြည်သူ့အခွန်ငွေ ဖြင့် လစာယူထားသည့် လုံခြုံရေးရဲဝန်ထမ်းများက လုပ်ဆောင်ပေးကြသည်။ ထို့အပြင် အချိန်ကိုကျန့်ကြာရန် ထားရှိပြီး တရားမျှတမှုရရှိရန် ခက်ခဲလာသည့်အခြေအနေသို့ရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ့သူ ကာယကံရှင် ပြောပြ ချက်အရသိရသည်။
ထို့ကြောင့် ပအိုဝ်းဒေသတွင် အမျိုးသမီးအပေါ်အကြမ်းဖက်မှုဖြစ်ပွားလာပါက ကျေးရွာဓလေ့ထုံးတမ်းကိုအသုံး ပြုပြီး ကြီးသည့်အမှုငယ်စေ၊ ငယ်သည့်အမှုပပျောက်စေ ဆိုသည့်အတိုင်း ကျေးရွာလူကြီးနှင့် ရပ်မိရပ်ဖတို့၏ ဖြေရှင်းမှု ဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ရ သည့်အတွက် အချို့သောအမျိုးသမီးသည် တရားမျှတမှုမရရှိဘဲ နစ်နှာဆုံးရှုံးခဲ့ရသည်ဟုသိရသည်။
“ရွာမှာ တကယ်လို့ ဓလေ့ထုံးတမ်းနဲ့ ဖြေရှင်းရင်တော့ ပိုမြန်တာမျိုးတော့ဖြစ်တယ် တစ်ခုက ပြစ်မှုကျူးလွန် တဲ့သူကို တိတိကျကျ အပြစ်ပေးအရေးယူမှုပိုင်းမှာ အားနည်းတယ်။ ပြီးရင် ကျွန်မတို့ အနေနဲ့ ဝင်ရောက်ဆုံးဖြတ် ပေးလို့မရတော့ နစ်နာသူကပိုပြီး တရားမျှတမှုမရရှိတာပေါ့” ဟု အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ တစ်ဦး ကပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေအရ ပဋိပက္ခအကြား၊ လက်နက်ကိုင် အဖွဲ့၊ အာဏာရှိသူများမှ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု များဖြစ်ပွားပါက အကူအညီပေး သူများအနေဖြင့် ကူညီပေးရာတွင် အဟန့်အတားများစွာရှိနေသေးကြောင်း သိရသည်။
“အခုနိုင်ငံရေးအခြေအနေဆိုရင်တော့ တရားရေးက အလုပ်မလုပ်ဘူး အလုပ်မလုပ်တဲ့အတွက် ပြစ်ဒဏ် ကင်းလွတ်ခွင့်တွေရနေတော့ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုက တစ်နေ့တစ်နေ့တိုးနေမယ်။ တိုးလာမှာ တော့ သေချာတယ်။” ဟု ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် အဖွဲ့အစည်းများ၏ လုံခြုံရေးအရ မြေပြင်အထိ ပေါ်ပေါ်တင်တင် ကွင်းဆင်းရန် ခက်ခဲလာသလို၊ အချက်အလက်များ လက်လှမ်းမီရန်လည်း အလွန်ခက်ခဲလာသည်။ အသိပညာပေးမှု အပိုင်း များကို လည်း ပြုလုပ်ရန်ခက်ခဲလာသည်။
“အခြားအဖွဲ့တွေလည်း ပေါ်ပေါ်ထင်ထင်ကူညီလို့မရတဲ့အပိုင်းတွေ အများကြီးရှိတယ်။ စစ်ကောင်စီကနေထုတ် ပြန်လိုက်တဲ့ ကန့်သတ်ချက်ကြောင့်မလို့ ကွင်းဆင်းပြီး အသိပညာပေးတာတွေ ရှင်သန်ကျန်ရစ်သူကို ဝန်ဆောင်မှု ပေးတာတွေ အကန့်သတ်အများကြီးရှိလာတယ်၊ လုံခြုံရေးကိစ္စလို့ပြောလိုက်ရင် အကန့်အသတ်တွေ အများကြီး ရှိနေတာကြောင့်မို့ အဖွဲ့အစည်းနဲ့ ရှင်သန်ကျန်ရစ်သူကြားမှာ ချိတ်ဆက်မှု အရမ်းအားနည်းလာတယ်” ဟု အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူက ဆက်ပြောသည်။
အမျိုးသမီးအဖွဲ့များထံ တိုင်ကြားလာသောအမှုများသည် အိမ်တွင်းအကြမ်းဖက်မှု၊ မုဒိန်းမှု၊ သက်ငယ်မုဒိန်းမှု၊ အုပ်စုလိုက်မုဒိန်းမှုနှင့် နည်းလမ်းပေါင်းစုံမှကျူးလွန်သည့်အမှုများ၊ အွန်းလိုင်းပေါ်မှ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် မှု‌များ၊ ကာမလိမ်လည်မှုများအပါအဝင် ပုံစံမျိုးစုံနှင့် တိုင်ကြားလာကြောင်းသိရသည်။
“အမျိုးသမီးအပေါ်အကြမ်းဖက်မှုအခြေအနေလို့ပြောလိုက်တဲ့အချိန်မှာဆိုရင် ကျားမအခြေပြု အကြမ်းဖက်မှု တွေ ပဠိပက္ခ နဲ့ဆိုင်တဲ့ အကြမ်းဖက်မှုကိစ္စတွေ ကျွန်မတို့ဆီကိုတိုင်ကြားလာတယ်။ အာဏာရှိတဲ့လူ လက်နက်ကိုင် အဖွဲ့အစည်းကနေ ကျူးလွန်လိုက်တဲ့ လိင်ပိုင်းဆိုင်ရာထိပါးနှောင်ယှက်မှုတွေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် မှုတွေလည်းပါဝင်ပါတယ်” ဟု အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူက ပြောသည်။
ယခုအချိန်တွင်လည်း မူးယစ်းဆေးဝါးများ လွတ်လွတ်လပ်လပ်သုံးစွဲနိုင်သည့် အနေအထား‌များရှိနေသည့်အပြင် အပြစ်ကျူးလွန်သူများအား ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးရနေခြင်းများနှင့် ပအိုဝ်းဒေသမှ ကျင့်သုံးသည့် ဓလေ့ ထုံးတမ်းများသည်လည်း ကျူးလွန်သူအား ထိထိရောက်ရောက် ပြစ်ဒဏ်ပေးနိုင်သည့်အနေအထား အားနည်း နေခြင်းကြောင့် အမျိုးသမီးအပေါ် အကြမ်းဖက်မှုများက ဆက်လက်ဖြစ်ပွားနေ ကြောင်းသိရသည်။
ယခင်စစ်တပ် အာဏာမသိမ်းခင်အချိန်တွင် အမျိုးသမီးအကြမ်ဖက်မှုခံရပါက တရားဥပဒေဖြင့်သွားရန် အမျိုး သမီး အရေးလှုပ်ရှားသူများက အားပေးခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ပြစ်မှုကျူးလွန်သူအား တရားရုံးမှ အရေးတယူ ဖမ်းဆီးပေးခြင်းများမရှိသောကြောင့် တရားရုံးသို့ အမှုတိုင်ကြားသူ နည်းပါးလာသည်။ ထို့အပြင် တရားရုံးနှင့် ပြည်သူအခွန်ငွေဖြင့်လစာယူနေသည့် လုံခြုံရေးဝန်ထမ်း ရဲတို့အပေါ် ပြည်သူလူထုအယုံ ကြည်နည်းပါးလာခဲ့သည်။ တိုင်ကြားသူများအနေဖြင့်လည်း မိမိတိုင်ကြားသူကာယကံရှင်ကိုယ်တိုင်က လုံခြုံရေး စိုးရိမ်နေရကြောင်းသိရသည်။
ထို့ကြောင့် ကျူးလွန်ခံရသူများ၊ ဆက်လက်ရှင်သန်ကျန်ရစ်သူများအနေဖြင့် လုံခြုံရေးကိစ္စ၊ ကျန်းမာရေးကိစ္စနှင့် နောက်ဆက်တွဲ စိတ်ကျန်းမာရေးကိုပါ ထိခိုက်လာကြသည်။ တရားဥပဒေစိုးမိုးမှုမရှိခြင်းကြောင့် တရားမျှတမှု လည်းမရှိတော့ကြောင်းသိရသည်။
“အခက်အခဲကတော့ ကူညီပေးတဲ့အဖွဲ့အစည်းတွေ အဖမ်းခံရတဲ့ကိစ္စတွေလည်းရှိတယ်ဆို‌တော့ ကူညီ ဆောင် ရွက်တဲ့နေရာမှာ ထိရောက်မှုမရှိဘူး ကိုယ်တွေက ကောင်းနေတဲ့ကိစ္စလုပ်နေတာတောင် တရားမဝင် ဖြစ်နေတဲ့ နိုင်ငံမှာနေနေရတော့ လုပ်နေတဲ့လုပ်ငန်းကောင်းကောင်းမလုပ်နိုင်ဘူး နစ်နာသွားတဲ့သူကတော့ ကူညီရာ မဲ့နေကြ တယ်” ဟုသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အမှုများဖြစ်ပွားလာပါက အကြံအဥာဏ်ပေးခြင်း၊ ဓလေ့ထုံးတမ်းအရ စာရွက်စာတမ်းများ၊ ကျန်းမာရေး ဆိုင်ရာ ထောက်ပံ့ပေးမှုများ၊ ပို့ဆောင်ရေးစရိတ်များနှင့် နှစ်သိမ့်ဆွေးနွေးမှုအပိုင်းများ၊ လုံခြုံရေးအတွက် အခြားသော မိတ်ဖက်အဖွဲ့အစည်းများသို့ ရှင်သန်ကျန်ရစ်သူအား လွဲပြောင်းပေးသည့်ကိစ္စရပ်များ ဝန်ဆောင်မှု ပေးသည့်အခါ လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် ရှင်သန်ကျန်ရစ်သူတို့၏ လုံခြုံရေးအတွက်စိန်ခေါ်မှု တစ်ရပ်လည်း ဖြစ်လာခဲ့ရသည်။
ကျား-မအခြေပြုအကြမ်းဖက်မှုများဖြစ်ပေါ်လာပါက ပတ်ဝန်းကျင်၏ ပုံစံခွက်သွင်းနေမှုကြောင့် တုံ့ပြန် ထုတ်ဖော်ပြောကြားရန် အားနည်းနေခြင်းကြောင့် ကူညီသည့်ဖွဲ့အစည်းအနေဖြင့် ရှင်သန်ကျန်ရစ်သူများ နှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် ထိရောက်မှုအားနည်းလာရကြောင်းသိရသည်။