
ခမ်းသားငေါဝ်း
ဩဂုတ် ၂၊၂၀၂၃
ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကရင်နီပြည်သူသုံးသောင်းဝန်းကျင်စစ်ဘေးရှောင်များ စစ်ရှောင်ကြပြီး အခုတလောတွင် စစ်ရှောင်စခန်းအများစုက အခြေခံစားသောက်ကုန် ဆန်များပြတ်လပ်နေကြောင်းသိရှိရပါသည်။
စစ်ရှောင်အချို့သည် ဆွေမျိုးများထံ စားနပ်ရိက္ခာများ အကူအညီတောင်းခြင်း၊ မြို့နှင့်ဝေးသည့် နေရာများတွင် လယ်ယာပြန်စိုက်ပျိုးခြင်းများ လုပ်ကြပြီး စားနပ်ရိက္ခာအတွက် နည်းလမ်းအမျိုးမျိုးဖြင့် ဖြေရှင်း နေကြကြောင့် စစ်ရှောင်ကူညီသူများ ပြောပြချက်အရ သိရသည်။
“အချိန်ကြာလာတော့ အလှူရှင်တွေလည်း ရေရှည်မတတ်နိုင်တော့တဲ့အနေအထားမှာရှိနေတယ် ကျွန်တော်တို့လည်း နားလည်ပါတယ်။ အခုဆို ဆန်ဆီ ကုန်ဈေးနှုန်းမြှင့်တက်တာရော စစ်ဘေးရှောင်တဲ့ကာလလည်း ၂နှစ်ကျော်လောက်ကြာပြီဆိုတော့ မလွယ်ကူကြဘူး” ဟု စစ်ရှောင်ကူညီသူတစ်ဦးက ပြော သည်။
အချို့စစ်ရှောင်သည် ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးရှောင်သွားခြင်း၊ အချို့စစ်ရှောင်များသည် တောထဲနေထိုင်နေကြခြင်း၊ အချို့မှာလွိုင်ကော်မြို့သို့ရောက်လာကြပြီး၊ အချို့စစ်ဘေးရှောင်များသည် အလှူရှင်များနှင့်အလှမ်းဝေးခြင်းကြောင့် အခက်အခဲပိုမိုကြုံတွေ့နေရကြောင်း ၄င်းကဆက်ပြောဆိုပါသည်။
“အရင်ကတည်းက အဆင်မပြေတဲ့ စစ်ရှောင်တွေက ဒီကိုရောက်လာတော့ ပိုဆိုးတာပေါ့ သူတို့က အဘက်ဘက်လိုအပ်ချက်တွေ များတယ်” ဟု စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။
ကရင်နီပြည် စစ်ရှောင်ပြည်သူများအတွက် မိမိတို့တတ်နိုင်သလောက် ဝိုင်းဝန်းလှူဒါန်းပေးရန် နှင့် မိမိတို့အသုံးမလိုတော့သည့် အသုံးအဆောင်ပစ္စည်းများ အဝတ်အထည်များ စစ်ရှောင်စခန်းသို့ ပို့ဆောင်လာပါက အားလုံးအသုံးတည့်ကြောင်း ကရင်ပြည် စစ်ဘေးရှောင်ကူညီစောင်ရှောက်ရေးကွန်ရက်မှ တာဝန်ရှိသူက ဆိုပါသည်။
ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ရှောင်ပြည်သူများသည် အဖွဲ့အစည်းများနှင့် အကူအညီရရှိသူ အနည်းငယ်သာရှိပြီး အများအားဖြင့် စားနပ်ရိက္ခာ ပြတ်လပ်မှု အမြဲကြုံနေရကြောင်း သိရသည်။
ကရင်နီပြည်တွင် စစ်ဘေးရှောင်နေရသည့် ပြည်သူ ၃ သိန်းနီးပါး ရှိနေပြီး စစ်ရှောင်ကာလ ၂ နှစ်ကျော် ကာလအတွင်း အစစအရာရာလိုအပ်ချက်များသည့် အပြင် စားနပ်ရိက္ခာများလည်း အရေးပေါ် လိုအပ် နေသည် ဟု စစ်ဘေးရှောင်ကူညီသူများက ဆိုပါသည်။