
ခမ်းသားငေါဝ်း
သြဂုတ် ၈၊ ၂၀၂၃
ရှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်၊ ရွာငံမြို့နယ်၊ ရပ်စောက်မြို့နယ်တွင် စစ်ကောင်စီပူးပေါင်းအဖွဲ့များက အရပ်သားပြည်သူ ၁၅ ဦးအထိ ဖမ်းဆီးထားကြောင်း သိရှိရပါသည်။
သြဂုတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ စစ်ကောင်စီတပ်သားနှင့် ဒေသဗျူစောထီးများက လက်နက် ကိုင်တော်လှန်ရေးလှုပ်ရှားသူများနှင့်ဆက်စပ်သည်ဟုဆိုကာ ပြည်သူကို ဖမ်းဆီးထားခြင်းဖြစ်သည်။
အဖမ်းခံရသူသည် ပင်းတယမြို့နယ်မှ ၃ ဦး ၊ရပ်စောက်မြို့နယ်မှ မိသားစု ၄ ဦး၊ ရွာငံမြို့နယ်မှ ၈ ဦးအထိရှိကြောင်း သိရှိရပါသည်။
” စစ်ကောင်စီတွေဖမ်းသွားတဲ့လူတွေက တော်လှန် ရေးလုပ်တဲ့သူနဲ့ ဆက်သွယ်လို့ဆိုပြီး ဖမ်းကြတယ်၊ ဒီလိုလိုက်ဖမ်းလို့ တော်လှန်ရေး ပပျောက်မယ်ထင်နေလားမသိဘူး၊ အခုလိုကိစ္စတွေနဲ့ ကုန်စျေးနှုန်းကမှအစ ဘယ်သူတရားခံလဲဆိုတာ လူတိုင်းသိတယ်” ဟု ဖမ်းဆီခြင်းခံထားရသူနှင့် နီးစပ်သူဒေသခံ တစ်ဦးကပြောသည်။
စစ်ကောင်စီဖမ်းဆီးခြင်းခံထားရသူထဲမှ မိသားစုများနှင့်အဆက်အသွယ်ရရှိသူ အနည်းငယ်သာ ရှိသေးကြောင်း၄င်းက ဆက်ပြောပါသည်။
ထို့အပြင် ဓနုဒေသ အရှေ့မြင်အနောက်မြင် တောင်ပေါ်တွင် စစ်ကောင်စီ တပ်စွဲရန်ကြိုးစားနေကြောင်းသိရသည်။
” စစ်ကောင်စီတပ်သားက ငါးဆယ်လောက်ရှိတယ် ၊အရှေ့မြင်အနောက်မြင်တောင်ပေါ်မှာတပ်စွဲဖို့ သူတို့အထက်က အမိန့်ပေးထားကြောင်းပြောတယ် ၊ မိန်းကလေးတွေအနေနဲ့က တောင်ပေါ်ခြံကို အရင်လိုလက်ဖက်ခူးသွားဖို့အဆင်မပြေတော့ဘူး”ဟု မြစေတီကျေးရွာမှာနေထိုင်သူတစ်ဦးကပြောဆိုပါသည်။
စစ်ကောင်စီတပ်မှ လာရောက်ဖမ်းဆီးခြင်းခံထားရသည့်နေရာတွင် ရွာငံမြို့နယ်မှလွှစင်ကျေးရွာ၊ ပဲယင်းတောင်ကျေးရွာ ၊ ပင်းတယ်မြို့နယ်မှ ညောင်ဝန်းကျေးရွာ၊ မြို့ပေါ်ရပ်ကွက်နှင့်ရပ်စောက်မြို့နယ် ကောင်းဘို့ကျေးရွာမှ မိသားစုအလိုက်ဖမ်းဆီးခြင်းဖြစ် ကြောင်း သိရပါသည်။