ခမ်းသားငေါဝ်း
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းတောင် ရွာငံမြို့နယ်ရှိ နေ့စားအလုပ်လုပ်ကိုင်သူအများစုသည် အလုပ်အကိုင်ရှားပါးလာပြီး တဖက်တွင်လည်း ကုန်စျေးနှုန်းများမြင့်တက်လာမှုကြောင့် စားဝတ်နေရေးခက်ခဲလာကြောင်း သိရသည်။
အာဏာသိမ်းပြီး ၃ နှစ်နီးပါးရှိလာချိန်တွင် ပြည်တွင်းကုန်စျေးနှုန်းမတည်ငြိမ်မှု‌ကြောင့် နေ့စားအလုပ်သမားများသည် လုပ်အားခနှင့် အသုံးစရိတ် ဖူလုံမှုမရှိတော့ဘဲ အခက်အခဲကြုံတွေ့ရကြောင်း ဇူလိုင် ၂၇ ရက်နေ့တွင် သိရသည်။
” ကျမတို့ရွာက စပါးတွေ လယ်တွေမစိုက်ကြဘူး၊ လက်ဖက် လိမ္မော်အဓိက စိုက်တယ်၊ ဆန် ဆီအကုန်ဝယ်စားရတယ်၊ ခြံလည်းမရှိတော့ နေ့စားပဲလိုက်စားရတယ်၊ အရင်ကတော့ ဆန်တစ်အိတ်
၃သောင်းမှာ အိတ်အလိုက်ဝယ်စားနိုင်တယ်၊ အခုတော့ ပြည်နဲ့ပဲဝယ်စားနိုင်တော့တယ်။” ဟုနေ့စားလိုက်သူအမျိုးသမီးတစ်ဦးက ပြောသည်။
နေ့စားအလုပ်လုပ်ကိုင်သူများ နေ့စားအလုပ်ဝင်ငွေဖြင့် ဖူလုံမှုမရှိတာကြောင့် အပိုဝင်ငွေရရှိရန် တောင်းယက်ခြင်း၊ မျှစ်ချိုးရောင်းချခြင်း၊ ပုရစ်များတူးရောင်းခြင်းဖြင့် တဖက်တလမ်းရှာနေရကြောင်း သိရသည်။
မျှစ်ချိုးလုပ်ကိုင်သူတစ်ဦးကလည်း ” ကိုယ်ပိုင်ခြံမရှိဘူးလေ၊ အခုကုန်စျေးနှုန်းနဲ့ နေ့စားတစ်ခုတည်းနဲ့မလုံလောက်ဘူး၊ ကလေးကျောင်းအသုံးစရိတ်က ရှိသေးတယ်၊ နေ့ဖက်အလုပ်သွား ညဘက်တောင်းယက်၊တောမှာ မျှစ်တွေချိုးပြီး စျေးသွားရောင်းကြတယ်၊ အပိုဝင်ငွေလေးတော့ရတာပေါ့” ဟု ပြောသည်။
အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာပြီး မိသားစုစားဝတ်နေရေးအတွက် နေ့စားအလုပ်သမားများသည် တရုတ်နယ်စပ်တွင် ကြံခုတ်သွားခြင်း၊ ဟိုပုံးမြို့နယ်ရှိ မိုင်းတွင်းများ သွားရောက်လုပ်ကိုင်ခြင်း နှင့် လယ်ပြင်သတ္တုမိုင်းတွင်း သွားရောက်လုပ်ကိုင်ခြင်းဖြင့် ခက်ခက်ခဲခဲရှာစားရကြောင်း ဒေသခံများ‌က ပြောဆိုကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *