ခမ်းသားငေါဝ်း၊ ဆောင်းပါး
ဇူလိုင်လ ၃၁၊၂၀၂၃
“အလုပ် လာလုပ်တာ မဟုတ်တော့ဘူး ကျွန်လာခံနေသလိုဖြစ်နေပြီ ကျွန်လိုမျိုးအနိမ်ခံနေရတယ် မြန်မာကဆိုတာနဲ့ နိမ်တော့တာပဲ” လို့ ခံစားချက်ကို ရင်နာနာနဲ့ပြောလာသူ ကတူးကြီးဒေသကနေ ထိုင်းနိုင်ငံကိုသွားရောက် အလုပ်လုပ်ကိုင်နေတဲ့ ခွန်ထွက်ကုဲင် ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းရှိ လူငယ်များဟာ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံထဲကို တရားဝင်ဝင် တရားမဝင်ဝင် သွားရောက်အလုပ်လုပ်ကိုင်ကြတယ်။ အခုခွန်ထွက်ကုဲင်တစ်‌ယောက် ထိုင်းနိုင်ငံထဲကို သွားရောက်ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ သူနေထိုင်တဲ့ဒေသမှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းက တပ်သားစုဆောင်းတဲ့ ဒါဏ်ကိုမခံနိုင်လို့ ထွက်သွားပြီး အလုပ်ဆက်လုပ်ကိုင်ဖြစ်ခဲ့ပါတယ်။
“ရွာမှာ လူငယ်တွေမရှိတော့ဘူး အတင်းစစ်သားလုပ်ခိုင်းတယ်။ လူ့အခွင့်အရေးချိုးဖောက်ခံရလို့ ဒီဘက်တက်လာ တော့လည်း ကျွန်လိုပဲအနိမ်ခံရတယ် ဒါပေမဲ့ ငွေမျတ်နှာနဲ့ သီးခံနေရတာပါ”လို့ သူကဆက်ပြော ပါတယ်။
၂၀၁၇ ခုနှစ် မေလမှာ ကတူးကြီးဒေသရှိ ပုံစုတ်၊ မဲတစေကျေးရွာတွေမှာ RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတပ်ဖွဲ့က အတင်းအဓမ္မဆက်ကြေးကောက်တာတွေ တပ်သားသစ်စုဆောင်း တာတွေ ပြုလုပ်လာတော့ ဒေသခံ ၂၀၀ ကျော်က ကျေးရွာမှပြောင်းရွေ့ခဲ့ကြရပြီး JMC မှ ဖြေရှင်းပေးရတဲ့ အခြေအနေတွေလည်းရှိခဲ့တယ်။ ဒီလိုအခြေအနေတွေကြောင့် ထိုင်းဘက်ကို လူငယ်တွေအတော်များများက ထွက်ပြေးလာခဲ့တယ်လို့ သူကဆိုပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသားနဲ့ ပျဿနာဖြစ်ခဲ့ရင် မြန်မာနိုင်ငံသားတွေဟာ မှန်ရင်လည်း မှားတယ်လို့ စွပ်စွဲခံရတယ်လို့ သူကပြောပြပါတယ်။
“ဆိုင်ကယ်နဲ့ကားတိုက်မိတဲ့အခါ ကားသမားကထိုင်းလူမျိုး ဆိုင်ကယ်သမားကမြန်မာဖြစ်နေရင် ကိုယ်နိုင်ငံလိုမျိုး ယာဉ်ကြီး၊ ယာဉ်ငယ်စည်းကမ်းတွေမရှိဘူး။ ထိုင်းရဲက ဆိုင်ကယ်သမားမှာ အထောက်အထားဘယ်လောက်ပဲ ပြည့်စုံနေပါစေ မှန်နေလည်းမှားတယ်ပဲ ဆုံးဖြတ်တယ်။ ကိုယ်တိုင်ကြုံဖူးလို့ အရမ်းရင်နာရတယ် မြန်မာတွေအနေနဲ့ ထိုင်းမှာ ဆိုင်ကယ်စီးမယ်ဆိုရင် သတိထားကြဖို့မှာချင်တယ်”လို့ ထိုင်းနိုင်ငံရောက် ခွန်ထွန်းက ပြောပါတယ်။
ထိုင်းနိုင်ငံကို တရားမဝင်နဲ့ ရောက်လာကြတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ ကား၊ ဆိုင်ကယ်တိုက်ပြီး သေဆုံးသွားသူတွေ၊ တိုက်ပေါ်ကဆေးသုတ်ရင်း ပြုတ်ကျသေဆုံးသွားသူတွေ၊ လုပ်ငန်းခွင်မှာ ထိခိုက်ပြီး သေဆုံးသွားရသူတွေ၊ အုပ်စုဖွဲ့အနိုင်ကျင့်လို့သေဆုံးသွားသူတွေ၊ အိမ်ရှင်ကအနိုင်ကျင့်လို့သေဆုံးသွားသူတွေ စတဲ့အခြေအနေတွေလည်း ရှိကြောင်း သူကဆက်ပြောပါတယ်။
“တရားဝင်ဖြင့် အပြည့်အစုံရှိတဲ့သူတွေတောင် သေရင်ဘာနစ်နာကြေးမှ မရကြဘူး။ တရားမဝင်တဲ့သူ သေတယ်ဆိုရင် ဘုန်းကြီးကျောင်းပို့ တရားနာပေးတယ် ဒီလောက်ပဲ ဘာနစ်နာကြေးမှမရှိဘူး”လို့ ၎င်းကပြောပါတယ်။
ထိုင်းနိုင်ငံသားတွေအနေနဲ့ မြန်မာလူမျိုးဆိုရင် ဘာလို့မုန်းကြတာလဲ? ဘာလို့နိမ်ကြတာလဲ? ဒီအကြောင်းနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံမှာ ကလေးထိန်းနေတဲ့ နန်းခမ်းမူးကတော့ မြန်မာနိုင်ငံရဲ့အခြေအနေကို သေချာမသိတာနဲ့ သူတို့နိုင်ငံရဲ့ ကျောင်းသင်ခန်းစာတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
“ကျမထိန်းတဲ့ကလေးက ကျမကိုတော်တော်သံယောဇဉ်ကြီးတယ် ဒါပေမယ့်တစ်ရက်မှာ ကျောင်းကပြန်လာတော့ ကျမကိုစိတ်ဆိုးတယ် ဘာဖြစ်လို့စိတ်ဆိုးတာလဲမေးတော့ နင်တို့က ဘာလို့ငါတို့အယုဒ္ဒယမြို့ကို လာတိုက်တာလဲ ဘာလို့လာဖျက်ဆီးတာလဲဆိုပြီး စိတ်ဆိုးနေတာမနည်းချော့ရတယ်”လို့ သူကပြောပါတယ်။
စစ်အာဏာသိမ်းပြီး စစ်ကောင်စီလက်အောက်မှာ အလုပ်လုပ်မလုပ်ချင်တဲ့ ဘွဲ့ရပညာတတတ်လူငယ် ခွန်ရဲကတော့ အင်္ဂလိပ်စကားတတ်တဲ့အတွက် ထိုင်းနိုင်ငံဟိုတယ်တစ်ခုမှာ အလုပ်လုပ်ကိုင်နေပြီး သူထက်ရာထူးငယ်တဲ့ ထိုင်းနိုင်ငံသားတွေရဲ့ နိမ်တာကိုခံရတယ်လို့ သူကဆိုပါတယ်။
“ဟိုတယ်မှာက နိုင်ငံခြားသားတွေ လာတည်းတာများတယ် သူတို့ကအင်္ဂလိပ်သိပ်မကောင်းကြတော့ ကျွန်တော့ထက်ရာထူးနိမ့်တာတွေရှိတယ် ဒါပေမဲ့ကျွန်တော်ကို ထိုင်းစကားအကုန်မတတ်လို့ဆိုပြီး လာနိမ်တယ်။ မြန်မာလအဆိုပြီး ကျွန်တော်ကမဟုတ်မခံဆိုတော့ ပြန်ပြောတယ် ငါတို့ရဲ့ဘာသာစကားကို နင်တို့ဘယ်နှစ်ခွန်း တတ်လဲ။ နင်တို့ကမှ လအပါ။ ကမ္ဘာသုံးတဲ့ အင်္ဂလိပ်စကားတောင်တတ်လို့လား စတာတွေ ပြန်ပြောတယ်”လို့ သူကပြောပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ပြီး မြန်မာနိုင်ငံကို ပြန်လာကြတဲ့သူတွေလည်းရှိပါတယ်။ အချို့က အရင်းအနှီးရှိလာတလို့ တနိုင်တပိုင် စီးပွားပြန်ရှာသူတွေလည်းရှိပါတယ်။ အချို့ကထိုင်းမှာ ဒုက္ခရောက်လို့ ပြန်လာသူတွေလည်းရှိပါတယ်။ အချို့က ပညာပြန်လာသင်ကြားသူလည်းရှိပါတယ်။ ကရင်ပြည် နယ် သူရိယစန္တာပအိုဝ်းကျောင်းကို ပြန်ရောက်လာပြီး ပညာသင်ယူနေတဲ့ ကျောင်းသူတစ်ဦးလည်းရှိခဲ့တယ်။
“ဒီကနေရသမျှပညာတွေ သင်ယူသွားမယ် နောက်နောင်ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ အစီအစဉ်မရှိဘူး ငွေရှိတဲ့အခါ အလည်သွားတာမျိုးတော့ ရှိမယ်”လို့သူကပြောပါတယ်။
ထိုင်းနိုင်ငံမှာ သူ့အစ်မဖြစ်သူက အထည်ရောင်းတော့ အလယ်တန်းအဆင့်နဲ့ ရောက်သွားခဲ့ပြီး အစပိုင်းမှာတော့ အစ်မရောင်းတဲ့ဆိုင်မှာ ဝင်ကူရင်း၊ နောက်ပိုင်းကျတော့ သူဌေးအိမ်တစ်အိမ်မှာ ကြောင်တွေကို အစာကျွေးတဲ့အလုပ် လုပ်ဖြစ်ခဲ့တယ်လို့ သူကဆိုပါတယ်။
“သူတို့က မြန်မာဆိုရင်နိမ်ပြီးသားလေ ကြာလာတော့သည်းမခံနိုင်ဘူး။ ဒီကျောင်းမှာ အခမဲ့ပညာသင်ကြားပေးတာ သိရတော့ ကျမက ပညာပဲဆက်သင်ဖို့ဆုံးဖြတ်လိုက်တယ်”လို့ သူကပြောပါတယ်။
တရားမဝင်သူတွေဖြစ်ဖြစ်၊ တရားဝင်သူ(ဘတ်)ဖြစ်ဖြစ် အထောက်အထားအပြည့်အစုံရှိနေပါသော်လည်း ထိုင်းရဲက ငွေတောင်းတာတွေ၊ ငွေပါရင်ငွေယူတာတွေ၊ ဖုန်းယူတာတွေအပြင် တရားဝင်(ဘတ်)အထောက်အထား စာအုတ်တွေကိုပါ ယူတဲ့နေရာရှိကြောင်း။ အဲ့ဒီနေရာကို ထိုင်းရောက်ပအိုဝ်းလူငယ်တွေအနေနဲ့ မသွားဖို့ ထိုင်းနိုင်ငံရောက် လူငယ်တစ်ဦးက ပအိုဝ်းဘာသာနဲ့ အွန်လိုင်းပေါ်မှာ ဗွီဒီယိုရိုက်ပြီးတင်ထားပါတယ်။
“ငွေတို့ဖုန်းတို့ယူသွားတာက အရေးမကြီးဘူး တရားဝင်(ဘတ်)အထောက်အထားတွေ၊ ပတ်စပိုစ့်တွေက လုပ်ရတာမလွယ်ဘူး။ အချိန်ကုန်ငွေကုန်တဲ့အတွက် အဲ့ဒီနေရာဘက်ကို မသွားကြပါနဲ့”လို့ သူက ဗွီဒီယိုဖိုင်နဲ့ လူမှုကွန်ယက်စာမျတ်နှာမှာ သတိပေးပြောထားပါတယ်။
တရားမဝင်အလုပ်သမားတွေအနေနဲ့ ထိုင်းရဲကို လစဉ်ကြေးပေးပြီး လုပ်ကိုင်နေရသူတွေလည်းရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို တရားမဝင်လမ်းကြောင်းကနေ ခိုးဝင်ကြပြီး စစ်ဆေးရေးဂိတ်မှာ အစစ်မခံပဲမောင်းပြေးရာမှ ယာဉ်တိမ်းမှောက်ပြီး သေဆုံးသွားသူတွေလည်း အများအပြားရှိခဲ့တယ်။ တရားဝင်အထောက်အထားတွေရဖို့ ပွဲစားတွေရဲ့ လိမ်လည်ခြင်းကို ခံရတဲ့သူတွေလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအတွင်းစစ်ပွဲဖြစ်ပွားမှု၊ စီးပွားရေး အဆင်မပြေမှုတွေကြောင့် ထိုင်းနိုင်ငံမှာ ဘယ်လောက်ပဲ လူ့အခွင့်အရေးချိုးဖောက်ခံရပါစေ၊ အနိမ်ခံရပါစေ နေ့စဉ်နဲ့အမျှ တရားဝင်ဖြစ်ဖြစ်၊ တရားမဝင်ဖြစ်ဖြစ် ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်သူတွေ နေ့စဉ်နဲ့အမျှတိုးလာနေကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *