ခမ်းသားငေါဝ်း
ဇူလိုင်လ ၂၇၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ အနောက်ဘက်ကမ်းတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က စစ်ဆေးရေးတင်းကြပ်ပြီး အချိန်ကန့်သတ်ထားသောကြောင့် စျေးပတ်လိုက်သူများအတွက် အခက်အခဲဖြစ်ရကြောင်း စုံစမ်းသိရှိရသည်၊၊
စျေးပတ်လိုက်သူများသည် နံနက်အစောပိုင်းတွင် သွားလာရပြီး ယခုရက်ပိုင်း စစ်ကောင်စီတပ်က နံနက် ၅နာရီကျော်မှသာ သွားလာခွင့်ပြုသဖြင့် ဈေးသည်များ အခက်တွေ့ရကြောင်း သတင်းရရှိပါသည်၊၊
” ကျွန်တော်တို့က ပုံမှန်စျေးပတ်လိုက်တယ် မနက်ဘက်အစောထသွားတယ်။ အခုသူတို့က ၅နာရီမှဖွင့်တော့ အဆင်မပြေဘူး။ ဖွင့်ပြီးလည်းတန်းသွားလို့မရပြန်ဘူး။ သူတို့စစ်သေးတယ် စျေးကိုနောက်ကျမှရောက်တော့ အခက်ခဲဖြစ်တာပေါ့”ဟု စျေးပတ်လိုက်သူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်၊၊
ဖြတ်သန်းသွားလာခွင့်ကို မနက် ၅ နာရီမှ ညနေ ၅ နာရီအထိ ခွင့်ပြုထားကြောင်း သိရသည်၊၊
ဖြတ်သန်းသွားလာခွင့်ကို ရက်ကြာရှည် ကန့်သတ်ထားပါက စျေးပတ်လိုက်သူများအတွက်အဆင်မပြေမှုများနှင့် ဒေသခံများအတွက်ပါ စိုးရိမ်မှုများဖြစ်ရကြောင်း အင်းလေးဒေသခံများက ဆိုကြသည်၊၊
အင်းလေးဒေသအမျိုးသမီးတစ်ဦးကလည်း “ဟိုရက်က လူတစ်ယောက်ပစ်သတ်ခံရပြီး ထွက်ပြေးသွားတာရှိတယ် အဲကနေစပြီး ဂိတ်တွေအများကြီးဖွင့်လိုက်တယ်။ ကားတွေကို ပိုစစ်ဆေးတယ်။ အချို့လူကို ငွေကောက်တာမျိုးလည်ရှိတယ်”ဟု ခမ်းသားငေါဝ်းကို ပြောသည်၊၊
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ပေါင်းပိုင်ကျေးရွာနှင့်ရေပယ်ကျေးရွာများတွင် စစ်ဆေးရေးဂိတ်အသစ်ဖွင့်ပြီး ခေါင်တိုင်ဘက်တွင်လည်းရှိကြောင်း ဆိုသည်၊၊
ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့တွင် ရေပယ်ကျေးရွာနှင့် သကြားစက်ရုံကြား မောင်းနှင်လာသည့် ကားတစ်စီးကို စစ်ကောင်စီတပ်သား ပစ်ခတ်ရာမှ ကားပေါ်ပါလာသူတစ်ဦး သေဆုံးသွားပြီး နှစ်ဦးထွက်ပြေးခဲ့ရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *