ခမ်းသားငေါဝ်း
ဇူလိုင်လ ၂၅၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ နမ့်ပါတဲက်ကျေးရွာ ဒေသခံတစ်ဦးသည် ဇူလိုင်လ ၂၃ ရက်နေ့တွင် RCSS တပ်ဖွဲ့ထောင်သည့် မိုင်းကို နင်းမိပြီး သေဆုံးခဲ့ရကြောင်း သိရသည်။
‌မိုင်းနင်မိ၍ အသက်ဆုံးရှုံးသည့် ခွန်မောင်သန်း အသက် ၃၂နှစ်သည် တောင်ယာသို့ အသွားလမ်းတွင် RCSS တပ်ဖွဲ့က ထောင်ထားသည့် မိုင်းအားနင်မိခဲ့ခြင်း ဖြစ်သည်။
“သူက တစ်ရက်ကျော်အိမ်မပြန်လာတာ ရွာသားတွေလိုက်ရှာတော့ တောင်ယာသွားတဲ့လမ်းပေါမှာ သေဆုံးနေတဲ့ အလောင်းကိုဘဲတွေ့လိုက်ရတယ်။ အဲလမ်းက ရွာရဲ့ အနောက်တောင်ဘက်မှာရှိတယ်။ အဲနေ့ ၁၂နာရီ‌လောက်မှာ မိုင်း‌ပေါက်ကွဲပြီးပြီးချင်းရှမ်းစစ်သားတွေ တက်သွားတာတွေ့လိုက်တယ်။ ကျွန်တော်တို့က မနက်ဖြန်လောက်မှာ သွားရှာတာ။ သူက ဘာလက်နက်ကိုင်တွေနဲ့မှ အဆက်အစပ်မရှိဘူး။ အခုကမိုင်းထိ ဒဏ်ရာနဲ့သွေးလွန်ပြီး သေဆုံးသွားတာ။ သူ့မှာ ကလေး ၄ ယောက်ရှိပြီး အငယ်ဆုံးက နို့တောင်မဖြတ်သေးဘူး။ “ ဟု ဒေသခံတစ်ဦးကပြောသည်။
ဇူလိုင် ၂၄ ရက်နေ့တွင် ခွန်မောင်သန်းသည် ရွာကို မပြန်လာသဖြင့် ရွာသားများက လိုက်ရှာရာ တောင်ယာသွားလမ်းတွင် ပြင်းထန်ဒဏ်ရာဖြင့် အသက်သေဆုံးနေသည်ကို တွေ့ရှိခဲခြင်း ဖြစ်သည်။
“မိုင်းက တောလမ်းအလည်တည့်တည့်မှာ ရှိနေတာ။ ခါတိုင်းဆိုရင် ဒီလမ်းမှာကျွဲတွေလည်းသွားတယ်။ အဲနေ့ကျတော့ မောင်သန်းတစ်ယောက်ဘဲ သွားတော့ သူကိုထိသွားတာပေါ့။ “ ဟု ၎င်းက ဆက်ပြောသည်။
မိုင်းကွဲသံကြားပြီးနောက် RCSS တပ်ဖွဲ့များက သွားရောက်ကြည့်ရှုခဲ့ပြီး ထိုနေ့တွင် ရွာသားများသည် အခင်းဖြစ်ပွားသည့်နေရာသို့ ချက်ချင်းမသွားရဲကြဘဲ နောက်ရက်သွားကြည့်ရာတွင် ရွာမှ ခွန်မောင်သန်း ပြင်းထန်ပေါင်ဒဏ်ရာနှင့် မျက်လုံးတစ်ဖက် ထိခိုက်ဒဏ်ရာဖြင့် သွေးလွန်သေဆုံးနေသည့်ကိုတွေ့ရှိ‌ရ‌ကြောင်း ပြောဆိုကြသည်။
သေဆုံးသူ၏ သူငယ်ချင်းတစ်ဦးက “မောင်သန်းက အေးဆေးနေသမားဖြစ်တယ်။ သူငယ်ချင်းတစ်ယောက်က ဒီလိုမျိုး ဖြစ်တော့ခံပြင်းမိတယ်။ စိတ်လည်းမကောင်းဘူး။ ရှမ်းစစ်သားတွေက စစ်သွားမတိုက်ဘဲ ရွာသားတွေကို ပစ်မှတ်ထားပြီး သတ်နေသလားအောင်မေ့ရတယ်။ “ဟု ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့တွင်လည်း ကဒူးကြီးဒေသ ရန်ကင်းကျေးရွာတွင် အမျိုးသမီးနှစ်ဦး နှင့် ၈လသားအရွယ်ကလေးငယ်တစ်ဦး တို့ကို RCSS ထောင်ထားသည့် မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *