ခမ်းသားငေါဝ်း
ဇူလိုင်လ ၂၄၊ ၂၀၂၃
စစ်ကောင်စီ၏ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေကျပ် ၂၀၀၀၀တန်အသစ်ကို ဇူလိုင်လ ၃၁ ရက်တွင်စတင်ထုတ်ဝေမည်ဟု ကြေညာပြီးနောက်ပိုင်း ကုန်စျေးနှုန်းများထပ်မံမြင့်တက်လာမည်ကို ​ပြည်သူ များစိုးရိမ်လျက်ရှိနေပါသည်။
” အရင်ကဆို မိသားစုအတွက်စျေးရောင်းပြီး ဖူဖူလုံလုံလေးရှာကျွေးနိုင်တယ်၊အခုကုန်စျေးနှုန်းကလည်းတက်၊ ဆန်စျေးဆီစျေးလည်းတက် အရင်က ဒီလောက်ထိကုန်စျေးတက်မယ်လို့ မစဥ်းစားမိဘူး၊ ကိုယ်ကျွမ်းကျင်တဲ့ ကုန်စိမ်းပဲရောင်းတတ်တယ်၊အခြားအလုပ်လည်း မလုပ်တတ်တော့ ခက်ခဲတာပေါ့၊ အခုဆို ၂၀၀၀၀တန်ထွက်လာတော့မယ် ပြောတယ်၊ ကုန်စျေးနှုန်းတွေ ထပ်တက်လာမှာပဲတွေးပူတယ်” ဟုတောင်ကြီးမြို့ ကုန်စိမ်းရောင်းချသူ အမျိုးသမီးတစ်ဦးကပြောသည်။
အိမ်မှုကိစ္စစီမံခန့်ခွဲသူ အမျိုးသမီးတစ်ဦးကလည်း “အရင်က ကိုယ့်ရဲ့ဝင်ငွေလေးနဲ့ စားနိုင်သောက်နိုင်တယ်၊ စီမံရတာလည်းအဆင်ပြေတယ်၊ ကျောင်း
သားတွေအတွက်လည်းပံပိုးပေးနိုင်တယ်၊ အခုတော့ဝမ်းရေးဖြည့်နေရင်း တစ်ခုကမဖြည့်ပေးနိုင်တော့ဘူး၊ ကလေးစာအုပ်တောင် အခုဆို တစ်အုပ် တစ်ထောင်ရှိနေပြီ၊ ဘောပင်ခဲတံတွေ မပါသေးဘူး၊အသားဟင်းတောင် မဝယ်စားနိုင်တော့ဘူး” ဟုဆိုသည်။
ပန်းရံအလုပ်လုပ်ကိုင်ပြီး မိသားစုအရေးဖြေရှင်းနေသူတစ်ဦးကလည်း ” အရင်က တစ်အိမ်မှာတစ်ယောက်အလုပ်လုပ်ရင် သုံးယောက်လောက်စားလို့ရတယ်၊ အခုက တစ်ယောက်လုပ်ရင်တောင် သူ့အတွက်အနိုင်နိုင်၊ ကုန်စျေးနှုန်းကတက်၊ ငွေကြေးကဖောင်းပွ၊ ငွေကြေးတန်ဖိုးကမရှိ၊ ရှိတဲ့ငွေကြေးကလည်း တက်လာမယ့်ကုန်စျေးနှုန်းစရိတ်တွေ မဖြေရှင်းပေးနိုင်ဘူး၊အရင်နဲ့စာရင် အလုပ်နှစ်ဆ ပိုလုပ်ရတာပေါ့” ဟုဆိုပါသည်။
ကျပ် နှစ်သောင်းတန် ထုတ်မည်ဟုကြေငြာပြီးတစ်ရက်တွင် ဆန်စျေး က တစ်အိတ် ၃၀၀၀ ကျပ်ခုန်တက်သွားပြီဖြစ်ကြောင်း ဆန်ကုန်သည်အသင်းထုတ်ပြန်ချက်အရသိရသည်။
စစ်ကောင်စီ၏ ၂၀၀၀၀ တန် ဂယက်ထမှုကြောင့်ထပ်မံစျေးတက်လာမည်ကို ပြည်သူများစိုးရိမ်လျက်ရှိနေပါသည်။
#PPV 010

Leave a Reply

Your email address will not be published. Required fields are marked *