ခမ်းသားငေါဝ်း
ဇူလိုင် ၃၀၊ ၂၀၂၃
ထိုင်-ကရင်နီ နယ်စပ်တစ်နေရာတွင် ဖားဆောင်းမြို့နယ်မှ ဒေသခံ စစ်ရှောင် တစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း ဇူလိူင်လ ၃၀ ရက်နေ့ကသိရသည်။
ထိုစစ်ရှောင်များသည် ထိုင်နိုင်ငံနှင့် နီးသည့် နယ်စပ်တစ်နေရာတွင် တိမ်းရှောင်နေရပြီး ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခိုလှုံခွင့် မရခြင်းကြောင့် ဒုက္ခရောက်နေကြရသည်ဟု သိရသည်။
“သူတို့ဒီကိုရောက်လာတာ နှစ်ပတ်ကျော်ပြီ သူတို့ပါလာတဲ့ဟာနဲ့ပဲချွေတာပြီး စားကြရတာ လူလည်း တစ်ထောင်ကျော်တော့ အရမ်းဒုက္ခရောက်နေတာ ဖျားတဲ့လူလည်း များတယ် “ဟု စစ်ရှောင်ကူညီ နေသူတစ်ဦးကပြောသည်။
ထိုစစ်ရှောင်များသည် ဖားဆောင်းမြို့နယ် ကျောက်စု၊ ဝမ်အောင်း၊ စွတ်ဖ၊ စွတ်ကျက်စသည့်ကျေးရွာမှ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့်အမျိုးသမီး အများစု ပါဝင်သည့် ဒေသခံများဖြစ်ကြောင်းသိရသည်။
ဖားဆောင်းမြို့နယ်သည် ဇွန်လကတည်းက စစ်ကောင်စီ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ဒေသခံများစွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ရှမ်းတောင် ဖယ်ခုံ၊ ပင်လောင်း၊ မိုးဗြဲမြို့နယ်အပါအဝင် ကရင်နီပြည်အနှံ့တွင် စစ်ရှောင် ၃သိန်းနီးပါးရှိပြီး အများစုသည် တောတောင်အတွင်းရှောင်နေရပြီး လှုဦးရေ ၉ ထောင်ဝန်းကျင်သာ ထိုင်းနိုင်ငံသို့ ဝင်ရောက်ခိုလုံခွင့် ရှိသေးကြောင်းသိရသည်။